ကိုးကန့် (MNDAA) က ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်စခန်းတစ်ခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

တုန်းရှမ်းဒေသ၊ တာရှင်ကျိုင့်နှင့် တိုက်ကြာကျိုင့်နေရာကြားရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ယနေ့ နံနက် ၈ နာရီခွဲအချိန်တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း ကိုးကန့်သတင်းများထုတ်ပြန်လေ့ရှိသည့် The Kokang ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

သိန္နီမြို့နယ်၊ သန်လွင်အုပ်စုတွင်လှုပ်ရှားနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ဒရုန်းဖြင့် သုံးကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နန်ကော်ကျေးရွာကို ယနေ့ မွန်းတည့် ၁၂ နာရီခန့်က နန်ထင်မိန်တောင်တန်းဘက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးကျည် ၁၀ လုံးထက်မနည်း ပစ်ခတ်ခဲ့သောကြောင့် ဒေသခံပြည်သူ နှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးမှာပြင်းထန်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံတွင်ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ ရက်နေ့ကလည်း စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တားဆီးနိုင်ရန် လားရှိုးမြို့နှင့် သိန္နီမြို့ကို ဆက်သွယ်ထားသည့် တံတားကိုဖြတ်တောက်လိုက်ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့သည့်အချိန်မှစပြီး ချင်းရွှေဟော်၊ မုံးကိုး၊ ကွမ်းလုံ၊ ပန်ဆိုင်း၊ ကုန်းကြမ်း စသည့်မြို့နယ် ၅ ခု နှင့် တရုတ်- မြန်မာနယ်စပ်ဂိတ် စုစုပေါင်း ၄ ခုကို ညီနောင်မဟာမိတ်တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ပြီး နမ့်ခမ်း၊ သိန္ဒီနှင့် သီပေါတို့ကို ထိန်းချုပ်ထားပြီဖြစ်ကြောင်း သိရသည်။

သတင်း – Thu Ta

ဓါတ်ပုံ – The Kokang

သင့်ထင်မြင်ချက်ရေးပေးပါ