တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ယနေ့နံနက် ၂ နာရီခန့်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှ စာသင်ကျောင်း၊ ဆေးရုံနှင့် လူနေအိမ်များထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ရွာရှည်(မြောက်)ကျေးရွာကို သန်ခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းမှ ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ဆေးရုံမှာတစ်လုံး၊ စာသင်ကျောင်းမှာတစ်လုံး အဲ့နှစ်လုံးပဲချသွားတာ။ ဆေးရုံနားမှာကျတဲ့ဟာတော့ ဗုံးကျတဲ့နေရာ လူတစ်ရပ်စာလောက်နက်တယ်။ ဆေးရုံမှန်တွေကွဲတယ် မျက်နှာကျက်တွေအကုန် ပျက်ကျတယ်။ ကျောင်းမှာကျတဲ့ဟာတော့ ကျောင်းဆောင်တည့်တည့်တော့မဟုတ်ဘူးဗျ ကျောင်းဆောင်ဘေးက သစ်ပင်ကြီးပေါ်ကျတာ ကျောင်းအပေါ်ပိုင်းတွေရော နံကပ်တွေရောအကုန်လွင့်သွားတာ” ဟုပြောသည်။

ယမန်နေ့က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် တန့်ဆည်မြို့နှင့် (၇) မိုင်ခန့် အကွာတွင်တည်ရှိသည့် ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စာသင်ကျောင်းနှစ်ထပ်ဆောင်တစ်ဆောင်၊ ခန်းမဆောင်တစ်ဆောင်၊ တိုက်နယ်ဆေးရုံနှင့် အနီးရှိ နေအိမ်သုံးအိမ်တို့ ပျက်စီးခဲ့ခြင်းဖြစ်သည်။

လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆောက်အဦးများပျက်စီးခဲ့သည့်အပြင် ဒေသခံပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အခြားတစ်ဦးက ပြောသည်။

“ညနက်ပိုင်းလူတွေအိပ်ချိန်ကျတာပေါ့၊ ဒေသခံတွေ အသေအပျောက်တော့ မရှိဘူးဗျာ၊ အဲ့နားကအစလေးတွေ မှန်တာတော့ နှစ်ယောက်၊ သုံးယောက်လောက်တော့ရှိတယ် စိုးရိမ်စရာတော့မရှိဘူး” ဟုဆိုသည်။

ထို့အပြင် ယနေ့ နံနက် ၈ နာရီခန့်ကလည်း တန့်ဆည်မြို့ ဘောလုံးကွင်းအနီးရှိ ဒေသခံများ၏ နေအိမ်များနှင့် ဘုန်းကြီးကျောင်းကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများ စီးနင်းတိုက်ခိုက်ခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်နေ့အတွင်း တန့်ဆည်မြို့နှင့် တောကြောင်းကျေးရွာသို့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ခြောက်ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သည်။

နိုဝင်ဘာ ၂၈ ရက်နေ့ညမှစတင်ကာ တန့်ဆည်မြို့ပေါ် ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲထားသော နေရာများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မျာက ဝင်ရောက်တိုက်ခိုက်ခဲရာ လက်ရှိအချိန်တွင်လည်း စစ်ရေးအခြေအနေဆက်လက်တင်းမာနေပြီး ယမန်နေ့ညတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကျဆုံး၊ ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးခဲ့သည်။

သတင်း – Thu Ta၊ Dureng

သင့်ထင်မြင်ချက်ရေးပေးပါ