ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးအခြေအနေတင်းမာနေသည့် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့တွင် ယမန်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကျဆုံးခဲ့ကြောင်း သိရသည်။

တန့်ဆည်မြို့ပေါ် ရဲစခန်းအပါအဝင် စစ်ကောင်စီက တပ်စွဲထားသောနေရာများကို နိုဝင်ဘာ ၂၈ ရက်နေ့ညမှစတင်ကာ ဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်းသေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ငါဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ဗိုလ်ကျားက The 74 Media ကိုပြောသည်။

“လေကြောင်းကတော့ တောက်လျှောက်ပဲလိုက်ပစ်တာဗျာ ကျွန်တော်တို့ဒီဖက်ရောက်တဲ့အထိတောင်လိုက်ပြီး ပစ်နေတာ။ အဲ့ကျန်တဲ့ဘန်ကာကိုကျွန်တော်တို့ဖြိုမယ်ကြံတာပေါ့၊ ဖြိုလည်းစဖြိုနေပါပြီ။ ဟိုကဖိုက်တာနဲ့လာပစ်တဲ့အချိန်နဲ့ကျသွားလို့ ပြန်လွတ်လိုက်ရတာဗျာ” ဟုဆိုသည်။

ကျဆုံးခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်မှာ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ တပ်ရင်း (၉) မှ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး အင်အားဖြည့်တင်မှုများလည်း ဆက်လက်ပြုလုပ်နေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် အခြားတစ်ဦးကဆက်ပြောသည်။

“စခန်းတွေဝင်တိုက်တယ် စစ်ကူလာတယ်။ နှစ်စီးက ပူးတွဲလာတယ် 35 နဲ့ပစ်တယ် 17 ကလူချတယ် သုံးခေါက်လာတယ်။ ဂျက်ဖိုက်တာနဲ့ လာကြဲတယ်။ အဲဒီအတွက်နောက်ဆုတ်လိုက်ရတယ်” ဟုဆိုသည်။

တန့်ဆည်မြို့ကို သိမ်းပိုက်နိုင်ရန် မြို့မရဲစခန်းတစ်ခုသာကျန်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက လေကြောင်းသုံးတိုက်ခိုက်ခဲ့သောကြောင့် နောက်ဆုတ်ပေးလိုက်ရသော်လည်း မြို့သိမ်းတိုက်ပွဲပြန်လည် ဖော်ဆောင်မည်ဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်နေ့ကလည်း တန့်ဆည်မြို့ပေါ်ရှိ ရွှေဒေါင်းမင်း စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

သတင်း – Thu Ta၊ Dureng

သင့်ထင်မြင်ချက်ရေးပေးပါ