စစ်ကောင်စီတပ်က လွိုင်ကော်မြို့ကို ထိန်းချုပ်ထားနိုင်ပြီဟု ထုတ်ပြန်ထားသော်လည်း မြေပြင်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။

စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား စစ်ရေးပိုမိုတင်းမာလာနိုင်ပြီး စစ်ကောင်စီက မြို့ကိုထိန်းချုပ်ထားသည်ဟုမမြင်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)မှ အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က The 74 Media ကိုပြောသည်။

“စစ်ကောင်စီတပ်တွေက လွိုင်ကော်မြို့ကို ပြန်ပြီးထိန်းချုပ်နိုင်ပြီလို့တော့ မမြင်ပါဘူး။ တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာဖို့ပဲ ရှိလိမ့်မယ်ဗျ။ အတိအကျကိုတော့ မပြောနိုင်သေးဘူးဗျ။ စစ်ဖက်ဆိုင်ရာဖြစ်တော့ ကျွန်တော်တို့အနေနဲ့ ပြောဖို့ရာ အချက်အလက်တွေက အကန့်အသတ်ရှိတယ်ဗျ” ဟုပြောသည်။

ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ကရင်နီပြည်သို့ တင်ပို့သည့် လက်နက်များကို ဖမ်းဆီးရမိခဲ့သဖြင့် KNPP/KNDF တပ်ဖွဲ့နှင့် PDF ပူးပေါင်းတပ်များကို အတိုင်းအတာတစ်ခုအထိ ဟန့်တားနိုင်ခဲ့ပြီး လက်ရှိအချိန်တွင် လွိုင်ကော်ဒေသကို ထိန်းချုပ်ထားနိုင်ကြောင်း အသိပေးလိုသည်ဟု ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်နေ့က လွိုင်ကော်တက္ကသိုလ်ကို တော်လှန်ရေးအင်အားစုများက ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့စဉ်ကယ်ထုတ်ခဲ့သော Non – CDM ဝန်ထမ်း (၁၂၉) ဦးနှင့် မိသားစုဝင် (၆၄) ဦးတို့ကို ယမန်နေ့က ပြည်နှင်ဒဏ်ပေးခဲ့သည်။

အဆိုပါတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဒု-ပါမောက္ခချုပ်အပါအဝင် ဝန်ထမ်းငါးဦးနှင့် မိသားစုဝင်များကို ကရင်နီပြည်ရဲဌာနက တရားလိုပြုလုပ်ကာ အမှုဖွင့်တရားစွဲဆိုထားပြီး စစ်ကောင်စီတပ်နှင့် တိုက်ရိုက်ဆက်နွယ်နေသော တပ်မိသားစုဝင်သုံးဦးကိုလည်း စစ်ဖက်ဆိုင်ရာ အက်ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန် သက်ဆိုင်ရာစစ်ခုံရုံးသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ကရင်နီပြည်နယ်တွင် “၁၁၁၁” စစ်ဆင်ရေး စတင်ခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့က စစ်ကောင်စီ၏ K – 8 ဟု လူသိများသည့် တရုတ်နိုင်ငံထုတ် Hongdu JL-8 လေ့ကျင့်ရေးတိုက်လေယာဉ်တစ်စင်းကို KNDF က ၁၂.၇ မမ စက်သေနတ်ကြီးဖြင့်ပစ်ချခဲ့ပြီး လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးကိုလည်း နိုဝင်ဘာ ၁၉ ရက်နေ့ကဖမ်းဆီးရမိခဲ့သည်။

ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ဖွဲ့များက လက်ရှိအချိန်ထိ စစ်ကောင်စီတပ်စခန်း ၂၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်ထားခဲ့ပြီး တပ်စခန်း ၁၅ ခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စခန်းစွန့်ခွာသွားခဲ့သည်။

သတင်း – Dureng

ဓါတ်ပုံ – Karenni Nationalities Defense Force – KNDF

သင့်ထင်မြင်ချက်ရေးပေးပါ