ကိုးကန့် (MNDAA)က ယမန်နေ့က စစ်ကောင်စီတပ်စခန်းသုံးခုကို ထပ်မံတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

တုန်ရှမ်းဒေသ၊ ရင်ကျန့်ထမ်ရွာနှင့် နယ်စပ် BP မှတ်တိုင် (၁၂၆) ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက တစ်ပြိုက်နက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် မွန်းလွှဲ ၁ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ကိုးကန့်သတင်းများထုတ်ပြန်လေ့ရှိသည့် The Kokang ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

မွန်းလွှဲ ၃ နာရီခန့်တွင်လည်း ရှင်တာကျိုင့်ရွာတွင် တပ်စွဲထားသောစစ်ကောင်စီတပ်စခန်းကို မိနစ် ၂၀ ခန့်ကြာ ထိုးစစ်ဆင်တိုက်ခဲ့ပြီးနောက် သိမ်းပိုက်နိုင်ခဲ့သည်ဟုဆိုသည်။

ထို့အပြင် ညီနောင်မဟာမိတ်အဖွဲ့က သိမ်းပိုက်ထားသည့် ပန်ဆိုင်းမြို့တွင်လည်း ပြီးခဲ့သည့်နိုဝင်ဘာလ ၂၈ ရက်နေ့ကစတင်ပြီး MNDAA ၏ အုပ်ချုပ်ရေးယန္တရားပြန်လည်ထူထောင်နိုင်ခဲ့ကြောင်း ကြေညာထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့သည့်အချိန်မှစပြီး ယနေ့အချိန်ထိ စစ်ကောင်စီတပ်စခန်း ပေါင်း ၂၂၀ ကျော်နှင့် တရုတ်-မြန်မာနယ်စပ်ဂိတ် ၃ ခုကို ညီနောင်အဟာမိတ်အဖွဲ့က တိုက်ခိုက်သိမ်းပိုက်ထားသည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ