ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းများတိုက်ခိုက်ခံရစဉ် ညီနောင်မဟာမိတ်အဖွဲ့က ဒရုန်းဖြင့်ဗုံးအလုံး နှစ်သောင်းခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီဥက္ကဋ္ဌက ဝန်ခံလိုက်သည်။

ညီနောင်မဟာမိတ်တပ်ဖွဲ့နှင့် ပူးပေါင်းတပ်များက သာလွန်အင်အားအပြင် ဒရုန်းမှဗုံးအလုံးရေ နှစ်သောင်းကျော်ခန့်ကြဲချခဲ့သဖြင့် စခန်းများကိုစွန့်ခွာခဲ့ရခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုဝင်ဘာလ ၂၉ ရက်နေ့တွင်ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့မှ ယနေ့အချိန်အထိ Drop Bomb အလုံးပေါင်း နှစ်သောင်းခွဲကျော်၊ 107 mm ရှော့တိုက်ဒုံး အလုံး ၁၂၀ ခန့်အသုံးပြုတိုက်ခိုက်ခဲ့ပြီး ကိုးကန့် (MNDAA)၊ တအောင်းအမျိုးသားတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA)နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့အပြင် ပြည်ပမှ Drone ပညာရှင်များပါဝင်ခဲ့သည်ကို တွေ့ရှိရကြောင်းဆိုသည်။

ညီနောင်မဟာမိတ်အဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့သည့်အချိန်မှစ၍ တစ်လကျော်အတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြို့ပေါင်းငါးမြို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး နမ့်ခမ်း၊ သန္နီနှင့် သီပေါတို့ကို ပိတ်ဆို့ထိန်းချုပ်ထားကာ စစ်ကောင်စီတပ်စခန်း အကြီးအသေး စုစုပေါင်း ၂၂၀ ကျော်ကို သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။

အဆိုပါတိုက်ပွဲများမှ လက်နက်ခဲယမ်းများနှင့် တင့်ကား၊ သံချပ်ကာကားများစွာလည်း သိမ်းပိုက်ရရှိထားပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ