ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် ပြည်သူသုံးဦး ယနေ့ နံနက် ၁၁ နာရီခွဲခန့်က သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည့် ကားသမားနှင့် ဆိုင်ကယ်သမားတို့မှာ ၁၀၅ မိုင်မှ မူဆယ်မြို့သို့သွားနေချိန် ပြည်ထောင်စုလမ်းမကြီးတွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်ဟု လူမူကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ဒဏ်ရာရထားတဲ့ လူနာနှစ်ယောက်ကိုသွားပို့တယ်။ တစ်ယောက်ကတော့ အသက်မရှိတော့ဘူး ဆုံးသွားတယ်ပေါ့။ တိုက်ပွဲတွေက တောက်လျှောက်ဖြစ်နေတော့ ဘယ်လိုဖြစ်လဲဆိုတာတော့ ဘယ်သူမှမပြောနိုင်ဘူး။ ၁၀၅ မိုင်မှာက ဖုန်းလိုင်းတွေလည်းမရဘူး ဘယ်ဖုန်းမှဆက်လို့မရဘူး” ဟုဆိုသည်။

ပစ်ခတ်ခံခဲ့ရသူအမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦးမှ တစ်ဦးသေဆုံးသွားသည်ဟု ကနဦးသိရပြီး The 74 Media က အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူများမှာ မူဆယ်ဆေးရုံတွင်ဆေးကုသမှုခံယူနေပြီး အဆိုပါသုံးဦး၏ ကိုယ်ရေးအချက်အလက်နှင့်ပတ်သက်ပြီး တအာင်းအမျိုးသမီးအဖွဲ့အစည်းက စုံစမ်းနေဆဲဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်နေ့ကလည်း စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မူဆယ် (၁၀၅) မိုင် အရပ်သားပြည်သူ ၁၅ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

သတင်း – Thu Ta

ဓါတ်ပုံ – Ta’ang Women’s Organization – TWO

သင့်ထင်မြင်ချက်ရေးပေးပါ