လွိုင်ကော်တက္ကသိုလ်မှ ကယ်ထုတ်လာသော Non – CDM ဝန်ထမ်းများနှင့် မိသားစုဝင်များကို ခံဝန်လက်မှတ်ရေထိုးစေပြီး ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း ကရင်ပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က ယနေ့နေ့စွဲဖြင့်သတင်းထုတ်ပြန်ခဲ့သည်။

အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပတ်သက်ဆက်နွယ်မှုမရှိသော ဝန်ထမ်း (၁၂၉) ဦးနှင့် မိသားစုဝင် (၆၄) ဦးတို့ကို ကတိဝန်ခံချက်ထိုးကာ ကရင်နီပြည်ပြင်ပသို့ အပြီးသတ်နယ်နှင်ဒဏ်ပေးလိုက်ပြီး ပါမောက္ခချုပ်နှင့် ဒုပါမောက္ခချုပ်အပါအဝင် ဝန်ထမ်းငါးဦးနှင့် မိသားစုဝင်များကို ကရင်နီပြည်ရဲဌာနက တရားလိုပြုလုပ်ကာ အမှုဖွင့်တရားစွဲဆိုပြီး ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကတိဝန်ခံချက်တွင် စစ်ကောင်စီ၏ ယန္တရားမှန်သမျှတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုလုပ်ရန်၊ ကျောင်းများ၊ ရုံးများနှင့် အဆက်အသွယ်မပြုလုပ်ရန်၊ ပြည်သူလူထုနှင့် တစ်သားတည်း ရပ်တည်သွားရန် ဟူသောအချက်များ ပါဝင်သည်။

စစ်ကောင်စီတပ်နှင့် တိုက်ရိုက်ဆက်နွယ်နေသော တပ်မိသားစုဝင်သုံးဦးကိုလည်း စစ်ဖက်ဆိုင်ရာ အက်ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန် သက်ဆိုင်ရာစစ်ခုံရုံးသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါလွိုင်ကော်တက္ကသိုလ်ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်နေ့က တော်လှန်ရေးအင်အားစုများက ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ကရင်နီပြည်တွင် စစ်ရေးအရှိန် လက်ရှိအနေအထားထက်ပိုမိုမြင့်လာနိုင်သောကြောင့် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသော တပ်မတော်သားများ၊ ရဲဝန်ထမ်းများနှင့် ဌာနအသီးသီးရှိ ဝန်ထမ်းများအနေဖြင့် ပြည်သူလူထုနှင့် တသားတည်းရပ်တည်ကာ တော်လှန်ရေးအင်အားစုများနှင့် အမြန်ဆုံးပူးပေါင်းစေလိုကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“၁၁၁၁” စစ်ဆင်ရေး စတင်ခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့က စစ်ကောင်စီ၏ K8 ဟု လူသိများသည့် တရုတ်နိုင်ငံထုတ် Hongdu JL-8 လေ့ကျင့်ရေးတိုက်လေယာဉ်တစ်စင်းကို ကရင်နီအမျိုးသားလွတ်မြောက်ရေးတပ် (KNDF) က ၁၂.၇ မမ စက်သေနတ်ကြီးဖြင့် ပစ်ချခဲ့သည်။

ကရင်နီပြည်တွင် ယနေ့အထိ တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်စခန်း ၂၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်ထားခဲ့ပြီး တပ်စခန်း ၁၅ ခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စခန်းစွန့်ခွာသွားခဲ့သည်။

သတင်း – Dureng

သင့်ထင်မြင်ချက်ရေးပေးပါ