ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်းကြမ်းနှင့် ကျောက်မဲမြို့ရှိ စစ်ကောင်စီစခန်းနှစ်ခုကို ထပ်မံသိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ရင်းမှူးအပါအဝင် ခြောက်ဦးသေဆုံးခဲ့ကြောင်း The Kokang က ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

ကိုးကန့် (MNDAA)နှင့် တအောင်းအမျိုးသားတပ်မတော် (TNLA) ပူးပေါင်းတပ်များက စစ်ကောင်စီ တပ်စခန်းတစ်ခုနှင့် စစ်ဆေးရေးဂိတ်တစ်ခုကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်နေ့က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေးကွတ်ကဲမှုဌာနချုပ် စ.က.ခ (၁၆) လက်အောက်ခံ ခြေလျင်တပ်ရင်း ခ.လ.ရ (၆၉) တပ်ရင်းမှူးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် တိုက်ပွဲတွင် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခ.လ.ရ (၅၇၉) တပ်ရင်းမှူးအပါအဝင် ခြောက်ဦးသေဆုံးခဲ့ပြီး ရိုက်ဖယ်သေနတ်ရှစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း ညီနောင်မဟာမိတ်အဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် လုံးခမ်းတပ်စခန်း အနီးတစ်ဝိုက် နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် နမ့်ဖတ်ကာ ပြည်သူ့စစ်ခေါင်းဆောင်ငယ် တစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။

ညီနောင်မဟာမိတ်အဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့သည့်အချိန်မှစ၍ တစ်လအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြို့ပေါင်း ၅ မြို့အပါအဝင် စစ်ကောင်စီတပ်စခန်း အကြီးအသေး စုစုပေါင်း ၂၂၀ ကျော်၊ လက်နက်ခဲယမ်းများနှင့် တင့်ကား၊ သံချပ်ကာကားများစွာ သိမ်းပိုက်ရရှိခဲ့သည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ