စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား ယမန်နေ့ည ၁၁ နာရီခန့်မှစတင်ကာ လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်းသိရသည်။

ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်ကတပ်စွဲထားသောနေရာများကို သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိတိုက်ပွဲပြင်းထန်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“တန့်ဆည်မြို့ပေါ်ပေါ့လေနော် သက်ဆိုင်ရာရဲစခန်းတွေ စစ်တပ်အခြေစိုက်စခန်းတွေ ဘန်ကာတွေကို ဝင်ရောက်ရှင်းလင်းတယ်ပြောရမှာပေါ့။ အခြေအနေကတော့ တစ်ခေါက်တုန်းကလည်း တန့်ဆည်ကိုဝင်တိုက်သေးတယ်လေ။ အဲဒီတုန်းကလည်း ရဲစခန်းတစ်ခုတည်းပဲ ကျန်တော့တာ” ဟုဆိုသည်။

တိုက်ပွဲဖြစ်ပွားနေသည့်နေရာအနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က ယနေ့နံနက် ၈ နာရီခန့်ကလည်း Mi-35 ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီး ဂျက်ဖိုက်တာဖြင့်လည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် တန့်ဆည်မြို့ တစ်မြို့လုံးသိမ်ပိုက်နိုင်ရန် မြို့ပေါ်ရဲစခန်းတာကျန်ရှိနေပြီး မြို့၏ ၉၅ ရာခိုင်နှုန်းခန့်သိမ်းပိုက်နိုင်ခဲ့ကြောင့် တိုက်ပွဲတွင်ပါဝင်ခဲ့သူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“သိမ်းတာက ဘန်ကာတစ်ခုကျန်နေတုန်းပဲ အခုထိသိမ်းနေတုန်းပဲမပြီးသေးဘူး။ မြို့ပေါ်ရဲစခန်းက အဲ့ဘန်ကာကိုဖြိုနိုင်မှမြို့အလုံးစုံကိုရမှာ။ လေယာဉ်ကြောင့်မို့ ခဏနားနားပြီးလုပ်နေရတာ အဲ့ဘန်ကာရရင်အားလုံးပြီးပြီ။ မြို့ကတော့သိမ်းမှာ မရရအောင်သိမ်းမှာ ကျွန်တော်တို့က အဲ့လိုကြောင့် ရဲဘော်တွေကိုလည်း မဆုတ်ခိုင်းထားဘူး တစ်ခါတည်းကပ်ခိုင်းထားတာ” ဟုပြောသည်။

တိုက်ပွဲပြင်းထန်နေသောကြောင့် နှစ်ဖက်အထိခိုက်အကျအဆုံးများရှိနိုင်ပြီး အတိကျမသိနိုင်သေးကြောင်း သိရသည်။

တန့်ဆည်မြို့ပေါ်ရှိ ရွှေဒေါင်းမင်းစစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်နေ့ကလည်း ပြည်သူ့ကာကွယ်ရေးပှုးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

သတင်း – Dureng,Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ