စစ်ကောင်စီတပ်က နှစ်နှစ်ကျော်ခန့်က တပ်စွဲထားသည့် ရွှေဘိုမြို့နယ်ရှိ စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ကြောင်းသိရသည်။

တည်သီးတောကျေးရွာရှိ တပ်စခန်းကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်နေ့နံနက် ၆ နာရီခွဲခန့်က စတင်တိုက်ခိုက်ခဲ့ရာ ယနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု 11 Brothers Revolution Force (Myaung) မှတာဝန်ခံက The 74 Media ကိုပြောသည်။

“စုပေါင်းပြီး‌တော့ တပြိုင်ထဲဝင်တိုက်ခဲ့တာ ရွာကပျူတွေ ကျွန်တော်တို့လာတာတွေ့လို့ တချို့တွေတော့ ထွက်ပြေးကြပြီ၊ တချို့တွေ့တော့လည်း ပုန်းအောင်းနေကြတယ်။ ကျွန်တော်တို့ ရှေ့ကဝင်တိုက်တယ်ပြီးတော့ စခန်းကို တစ်ခါတည်းမီးရှို့လိုက်တယ်” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီတပ်က MI-35 ဖြင့် နှစ်ကြိမ်လာရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်ကလည်း အထိအခိုက်အကျအဆုံးများရှိခဲ့ကြောင်း သူကဆက်ပြောသည်။

“သူတို့(စစ်ကောင်စီ) က အဲ့မှာဘန်ကာတွေလည်း တော်တော်ကောင်းခဲ့တယ်။ လေယာဉ်နဲ့လည်း နှစ်ခါတောင်လာပစ်သွားတယ်ဆိုတော့ သူတို့တော်တော်ကိုကျလို့ပဲ။ နမခဘက်ကနေ Mi-35 နဲ့ နှစ်ကြိမ်အတက်အဆင်လုပ်ပြီး စုစုပေါင်း နှစ်နာရီကြာ စံချိန်တင်ပစ်ကူခဲ့တယ်” ဟုပြောသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်းသေဆုံးခဲ့ကာ ပျူစောထီးတပ်ဖွဲ့ဝင်တစ်ဦးအရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တပ်ဖွဲ့ဝင်ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း သိရသည်။

ရွှေဘိုမြို့နယ် တည်သီးတောကျေးရွာအတွင်းတပ်စွဲထားသော စစ်ကောင်စီစခန်းကို ပြီးခဲ့သည့် ဇွန်လ ခြောက်ရက်နေ့ကလည်း ပြည်ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ထိုးစစ်ဆင်တိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦးသေဆုံးခဲ့သည်။

သတင်း – Dureng
ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ