စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အင်းတော်မြို့နယ်၊ မော်လူးမြို့တွင် လျှပ်စစ်မီးပြတ်တောက်နေသည်မှာ တစ်ပတ်ကျော်ခန့်ရှိပြီဖြစ်ပြီး လျှပ်စစ်မီးအားထားရသည့် ဆန်စက်လုပ်ငန်းများ ရပ်နားထားရကြောင်း သိရသည်။

အင်းတော်မြို့နယ် စော်မှော်ချောင်းအနီးရှိ ဓာတ်တိုင်များထိမှန်ပြီး နဘားလျှပ်စစ်ဓာတ်အားခွဲရုံမှ သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများပြတ်တောက်သွားခြင်းဖြစ်သည်ဟု မော်လူးဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ပျက်နေတာက စစ်ကောင်စီတပ်ထိုင်နေတဲ့ အနောက်ဘက်မှာပျက်နေတာဆိုတော့လေ မီးကြိုးတွေက အခုထိမပြင်သေးဘူး။ မီးလိုင်းပြင်တဲ့လူတွေက သွားမပြင်ရဲတာပေါ့” ဟုဆိုသည်။

လျှပ်စစ်မီးပြတ်တောက်နေသဖြင့် မော်လူးမြို့အတွင်းရှိ ဆန်စက်လုပ်ငန်းများ မလည်ပတ်နိုင်သောကြောင့် စပါးအရောင်းအဝယ်များလည်း ရပ်နားထားရကြောင်း သူကဆက်ပြောသည်။

“ရွာသားတွေက စပါးတွေကိုဆန်စက်မှာကြိတ်ပြီးတော့ ဆန်စားတော့ မီးပျက်တော့မကြိတ်ပေးရဘူးပေါ့။ နောက်ပြီး စပါးရောင်းတဲ့သူတွေလည်း ဆန်စက်မှာလာလာရောင်းတော့ ဒီမှာက မီးမရှိတော့စပါးတွေလည်း ဝယ်လို့မရဘူး။ အခုက လျှပ်စစ်ရကြတော့ လျှပ်စစ်နဲ့ကြိတ်တဲ့ ဆန်စက်ပဲသုံးကြတော့တာမီးစက် မသုံးကြတော့ဘူး။ အခုတောင် မီးစက်ဝယ်ရမလားဘာလား ချိန်နေကြတာပေါ့” ဟုဆိုသည်။

ထို့အပြင် စက်သုံးဆီများလည်း ဈေးနှုန်းမြှင့်တက်နေသောကြောင့် အချို့လုပ်ငန်းများမှာလည်း ရပ်နားထားရကြောင်း ပရိဘောဂလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

“တချို့ဟာတွေကတော့ နားထားတာပေါ့ မီးမလာလို့။ တချို့ဟာတွေကတော့ စက်မောင်းပြီးလုပ်ကြတာပေါ့ မီးပျက်တာကြာသွားလို့။ ဆီဈေးကလည်း ပရီမီယမ် တစ်ဂါလံကို နှစ်သောင်း။ မီးပျက်တော့ အလုပ်လည်း မဆင်းရတော့ဘူးပေါ့။ ဆယ်ရက်နီးပါးတောင်ရှိသွားပြီ” ဟုဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က နဘားကျေးရွာအနီးရှိ စော်မှော်ချောင်းတစ်လျှောက်ကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ခရီးသွား ပြည်သူတစ်ဦး သေဆုံးခဲ့ပြီး လျှပ်စစ်မီးကြိုးများလည်းပြတ်တောက်ခဲ့ကာ ယနေ့အချိန်ထိ မပြုပြင်နိုင်သေးကြောင်း သိရသည်။

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မော်လူးမြို့တွင် ကျေးရွာပေါင်း ၄၀ ကျော်ပါဝင်ပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ကိုးထောင်ခန့်နေထိုင်သည်။

သတင်း – Thu Ta

ဓါတ်ပုံ – E.S.E Mawlu (ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ