စစ်ကိုင်းတိုင်း၊ ဝက်လက်လက်မြို့နယ်၊ ရွှေပန်းကုံးကျေးရွာရှိ စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စခန်းမှူးနှင့် ဒုရဲအုပ်အပါအဝင် ၁၆ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရွှေပန်းကုံးရဲစခန်းကို နိုဝင်ဘာလ ၂၁ ရက်နေ့နံနက် ၂ နာရီခန့်မှမှစတင်ကာ အမှတ် (၁) စစ်ဒေသ၊ အမှတ် (၂) ရွှေဘိုခရိုင်ကွပ်ကဲမှုဖြင့် ကာကွယ်ရေးပှုးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်အများအပြားလည်း သိမ်းဆည်းရမိခဲ့သည်ဟု အမျိုးသားညီညွှတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ နေ့စွဲဖြင့်ထုတ်ပြန်ကြေညာလိုက်သည်။

အဆိုပါစခန်းကို လက်ရှိအချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုးရန်ကြိုးစားနေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“လမ်းမှာဖြတ်ဖြတ်တိုက်တော့ လှတောဘက်မှာနေပြီး ဒီနေ့မနက်ကတော့ သူတို့လာတဲ့လမ်းအတိုင်း ပြန်ခေါက်သွားတယ်။ ကျွန်တော်တို့လည်းစခန်းမှာတော့နေရာယူထားတာမရှိဘူးပေါ့။ သူတို့ကဘာကြောင့် အဲ့စခန်းကိုပြန်လိုချင်သလဲဆိုတော့ အဲ့စခန်းကတိုက်နယ်စခန်းဗျာ မုံရွာကားလမ်းဘေးမှာရှိတဲ့စခန်းဆိုတော့ သူတို့အတွက်တော်တော်ကောင်းတဲ့စခန်းဖြစ်လို့” ဟုပြောသည်။

စခန်းသိမ်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး၊ ၁၅ ဦးထိခိုက်ဒဏ်ရာရှိခဲ့ပြီး စစ်ကောင်စီတပ်က သုံးဦးသေဆုံးကာ စခန်းမှူး နေအောင်ကျော်နှင့် ဒုရဲအုပ်အဆင့်ရှိသူ နှစ်ဦး အပါအဝင် ၁၆ ဦး အရှင်ဖမ်းဆီးရမိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့အပြင် BA – 94 သုံးလက်၊ MA – 13 သုံးလက်၊ BA – 63 ၁၆ လက် (၃ လက် ပျက်စီး)၊ BA – 64 တစ်လက်၊ 79 ဗုံးပစ်လောင်ချာ တစ်လက်၊ ၁၂ ဗို့ ပြောင်းချော နှစ်လက်၊ ၃၈ ဗို့ ပြောင်းချော တစ်လက်၊ ၃၈ ဗို့ ၆ လုံးပြူး လေးလက်၊ ၇.၆၂ မမ ကျည် ၅,၅၈၇ တောင့်၊ ၉ မမ ကျည် – ၇၀၀ တောင့်နဲ့ အခြားကျည်မျိုးစုံ ၁၀၀ ကျော်၊ လက်ပစ်ဗုံး ၁၂ လုံး၊ ရှေ့ထွက်မိုင်း ခြောက်လုံး၊ စိန်ရောင်ခြည်လက်ပစ်ဗုံး ၂၀ လုံး၊ ကျည်ဘောက် ၃၈ ခု၊ Jammer စက်အပါအဝင် ရဲတပ်ဖွဲ့ဝင်များ၏ စစ်ဘက်သုံးပစ္စည်းအများအပြားသိမ်း ဆည်းရရှိခဲ့ကြောင်းသိရသည်။

ဝက်လက်မြို့နယ်၊ လှတောရဲစခန်းကို ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့ကလည်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦးသေဆုံးခဲ့သည်။

သတင်း – Dureng

ပုံ – MOD

သင့်ထင်မြင်ချက်ရေးပေးပါ