ဗန်းမော်မြို့တွင် ယမန်နေ့ညက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။
ဗန်းမော်မြို့၊ ဧရာဝတီမြစ်အနောက်ဖက်ကမ်း၊ အလယ်ကျွန်းရှိ ကုန်းခါးကျေးရွာ လယ်တောတဲတစ်ခုအနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲချိန် နှလုံးရောဂါအခံရှိသည့် အမျိုးသားတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“သူက ဗုံးထိတာမဟုတ်ဘူး။ သူ့မှာ နှလုံးရောဂါအခံရှိတာပေါ့။ သူ့ရဲ့အခင်းတဲနားမှာ လက်နက်ကြီးကျပြီးပေါက်ကွဲသွားတော့ အဲဒီအသံကို လန့်ပြီးတော့ ရုတ်တရက်ဆုံးသွားတာ” ဟုဆိုသည်။
သေဆုံးခဲ့သူမှာ အသက် (၄၈) နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ကြောင်းသိရသည်။
ယမန်နေ့ည ၉ နာရီခန့်က ဗန်းမော်မြို့ မြို့မရဲစခန်းနှင့် မြန်မာ့စီးပွားရေးဘဏ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဗန်းမော်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“စကခ (အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်) ကလည်းပစ်တယ်။ အမြောက်တပ်ကလည်း ပစ်တယ်။ ကျတာတော့ မိုးစိမ်းကျွန်းအနောက်မြီး ကောင်းဆင့်အရှေ့ဘက်မှာကျတာပေါ့။ သူတို့က ဒီလိုပဲညတိုင်းလိုလိုပစ်နေတယ်အခုက” ဟုဆိုသည်။
စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်နေချိန် ဂျက်ဖိုက်တာတစ်စီးနှင့် ဒရုန်းများ လှည့်လည်ပျံဝဲ‌နေကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့ကလည်း မိုးမောက်အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း (ခ.မ.ရ) ၄၃၇ မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ဒေသခံပြည်သူ တစ်ဦးသေဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
သတင်း – Thu Ta
သင့်ထင်မြင်ချက်ရေးပေးပါ