စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအချို့ကို သုံးရက်အတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများနှင့် အရှင်ဖမ်းဆီးရမိသူများလည်းရှိကြောင်းသိရသည်။
ရွှေပြည်အေးမြို့သစ်ရှိ စစ်ကောင်စီတပ်စခန်းများကို နိုဝင်ဘာ ၂၁ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ရာ ယမန်နေ့ ညပိုင်းတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။
“ရွှေပြည်အေးမြို့ကိုသိမ်းပိုက်လိုက်နိုင်တယ်ဆိုတဲ့ သတင်းက မှန်ပါတယ်ဗျာ။ တစ်မြို့လုံးအပြီးသတ်သိမ်းလိုက်နိုင်တာ ၂၃ ရက်နေ့ညပိုင်းမှာပါ။ သိမ်းမိတဲ့အချိန်အတိကျတော့မသိဘူးဗျာ” ဟုပြောသည်။
ရွှေပြည်အေးမြို့နှင့် ဟုမ္မလင်းမြို့ကြား လွှစင်ကုန်းကျေးရွာရှိ ရှမ်းနီ SNA နှင့် စစ်ကောင်စီပူးပေါင်းတပ်စခန်းကိုလည်း တော်လှန်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းနှင့် စစ်သုံ့ပန်းများလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG အမှတ် – ၁ စစ်ဒေသကွပ်ကဲမှုအောက်တွင် တိုက်ပွဲဖော်ဆောင်ခဲ့ခြင်း ဖြစ်သောကြောင့် နှစ်ဖက် ထိခိုက်သေဆုံးမှုနှင့် လက်ရှိမြေပြင်အနေထားကို ဖြေကြားနိုင်ခြင်းမရှိသေးကြောင်း သူကပြောသည်။
တိုက်ပွဲများကြောင့် စစ်ကောင်စီက မြို့အပြင်ထွက်ခွင့်ပိတ်ပင်ထားပြီး လွှစင်ကုန်းနှင့် နောင်ပူအောင် အနီးရှိ ဒေသခံများမှာ ဟုမ္မလင်းမြို့သို့ စစ်ဘေးတိမ်းရှောင်နေကြရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“နောင်ပိုအောင်တစ်လျှောက်က ကျေးရွာတွေက သုံးရက်ရှိပြီ ဟုမ္မလင်းဘက်ကိုရှောင်ပြေးရတာ။ ဟုမ္မလင်းအဝင်မှာ စစ်ကောင်စီက စစ်ပြီးတော့ ဝင်တော့ဝင်ခိုင်းတာပေါ့။ အထွက်မရသေးဘူးလောလောဆယ်။ အဝင်တံတားဂိတ်နှစ်ဖက်စလုံးကို ပိတ်ထားတာ” ဟုဆိုသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့် နိုဝင်ဘာ ၂၁ ရက်နေ့မှစတင်ကာ စစ်ကောင်စီက လေကြောင်းမှအကြိမ်ကြိမ် ဗုံးကြဲ တိုက်ခိုက်မှုများပြုလုပ်နေပြီး ဟုမ္မလင်းမြို့နယ်အတွင်းရှိ နေရာအချို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောင်ထားကြောင်းသိရသည်။
ပြီးခဲ့သည့် မေလ ၄ ရက်နေ့ကလည်း ဟုမ္မလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်နှင့် ရှမ်းနီ SNA တို့၏ တောင်ဦးနှင့် တောင်ဘို့လှ တပ်စခန်းနှစ်ခုကို တောလှန်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
သတင်း – Thu Ta၊ Dureng
သင့်ထင်မြင်ချက်ရေးပေးပါ