ဖားကန့်မြို့တွင် လက်နက်ကိုင်ကာ အုပ်စုဖွဲ့လုယက်မှုကျူးလွန်နေသူငါးဦးကို ကချင်လွတ်မြောက်ရေးတပ် (KIA) ကဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာက ၁၃ ရက်နေ့က မော်ဝမ်းအုပ်စု၊ ဆွတ်ဘွမ်ကျေးရွာတွင် ကျူးလွန်သူငါးဦးကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး KIA တပ်ရင်း ၆ တွင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသည်ဟု အမည်မဖော်လိုသည့် KIA သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“ဓားပြတိုက်ခံရတဲ့ တရုတ်လူမျိုးနှစ်ယောက်ထဲက တစ်ယောက်ရဲ့ဖုန်းက Iphone ID code ပါတော့ အဲ့ဒါနဲ့လိုက်မိသွားတာ။ ပိုက်ဆံပါတယ်၊ ကားနှစ်စီးနဲ့ သေနတ်တိုလေးလက်လည်းပါတယ်။ အခုတော့ စစ်ဆေးမှုတွေလုပ်နေတယ် အများကြီးလိုသေးတယ်။ ဝန်ခံတာတွေလည်းရှိနေပြီး မပြီးသေးဘူး” ဟုပြောသည်။

ဖမ်းဆီးရမိထားသည့် ကျူးလွန်ခဲ့သူငါးဦးတွင် ဟိုပင်မြို့နေ တရုတ်နိုင်ငံသားနှစ်ဦး၊ K-PDF တပ်ဖွဲ့ဝင်နှစ်ဦးနှင့် KIA တပ်ဖွဲ့ဝင်တစ်ဦး၏ သားဖြစ်သူလည်းပါဝင်နေပြီး အဖွဲ့ဝင်တစ်ဦးဖြစ်သည့် Jade Palace KTV ၏ မန်နေဂျာဖြစ်သူမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါငါးဦးတွင်ပါရှိသည့် K-PDF တပ်ဖွဲ့ဝင် ကိုဝမ်းဘတ်(ခ) ရင်သွေးဦးဆိုသူနှင့် လက်ထောက်တာဝန်ခံ ဇွဲကို ဆိုသူတို့ကိုလည်း လက်နက်များဖြုတ်သိမ်းကာ စစ်ဆေးမှုများပြုလုပ်နေကြောင်း KPDF တပ်ဖွဲနှင့် နီးစပ်သူတစ်ဦးကပြောသည်။

“သာမာန်အရပ်သားတစ်ဦးလိုပဲ စစ်ဆေးနေတယ်လို့သိရတယ်။ ရာထူးနဲ့ လက်နက်တွေကအစ ဖြုတ်ချလိုက်ပြီဆိုတာကိုလည်း ကြားနေရတာပေါ့။ ပါဝင်ပတ်သတ်ခဲ့တဲ့ ဓားပြမှုမှန်သမျှကို စစ်ဆေးနေတယ်လို့လည်းသိရတယ်” ဟုပြောသည်။

စစ်ဆေးမေးမြန်ရာတွင် လုယက်ထားသည့် ငွေကျပ်သိန်းတစ်သောင်းကျော်ကို ပြန်လည်ရရှိထားပြီး အချို့ငွေများကို လားရှိူးမြို့သို့ ပေးပို့ထားသည်ဟု သိရကြောင်း အမည်မဖော်လိုသည့် KIA သတင်းရင်းမြစ် အခြားတစ်ဦးကပြောသည်။

“စစ်ဆေးနေတဲ့အချိန် မေးပြီးပြန်ရတာတော့ ကျပ်သိန်းတစ်သောင်းကျော် ပြန်ရတာရှိတယ်။ ပြီးတော့ သူတို့က ရတဲ့ငွေတွေကို လားရှိူးမြို့တစ်နေရာကိုလွဲထားတယ်တဲ့ ဘဏ်တော့မဟုတ်ဘူး။ သူတို့လုယူထားတဲ့ ကျောက်စိမ်းတွေထားတဲ့နေရာကိုမေးနေတုန်း” ဟုပြောသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဖားကန့်မြို့နယ်တွင် လက်နက်ကိုင်ထားသည့် လူအုပ်စုက ဓားပြလုယက်မှု မကြာခဏဖြစ်ပေါ်လေ့ရှိပြီး ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်နေ့ကလည်း လုံးခင်းကျေးရွာ ရပ်ကွက် (၂) ရှိ မဂျာနူးငွေလွှဲ၊ ငွေထုတ်ဆိုင်ကိုလည်း အမည်မသိလက်နက်ကိုင်ထားသည့် လူတစ်စုက ဝင်ရောက်ဓားပြတိုက်သွားခဲ့သည်။

သတင်း – Pe Ti, Zami

ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ