အင်ဂျန်းယန်မြို့အနီးတွင် ကချင်လွတ်မြောက်ရေးတပ် (KIA) ဂိတ်ထိုင်လိုက်သောကြောင့်ဟုဆိုကာ စစ်ကောင်စီတပ်စခန်းနှစ်ခုနှင့် ဌာနဆိုင်ရာဝန်ထမ်းများ မြစ်ကြီးနားမြို့သို့ တိမ်းရှောင်သွားကြောင်း သိရသည်။

KIA က အင်ဂျန်းယန်မြို့ ၁၁ မိုင်ဂိတ်တွင် စခန်းချနေရာယူလိုက်သဖြင့် အင်ဂျန်းယန်မြို့နှင့် ဇွပ်မိုင်ယန်ရှိ စစ်ကောင်စီတပ်စခန်းများက ရိက္ခာအခက်အခဲရှိလာနိုင်သည့်အပြင် ထိတွေ့တိုက်ပွဲဖြစ်ပွားလျှင် စစ်ကူရောက်နိုင်ရန်ခက်ခဲသဖြင့် စခန်းစွန့်ခွာသွား‌ခြင်းဖြစ်ကြောင်း သိရသည်ဟု အင်ဂျန်းယန်ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“သူတို့ကိုက ဌာနချုပ်ကဆင်းလာဖို့အမိန့်ပေးတာကြောင့်ဆင်းလာတယ်လို့လည်းပြောကြတယ်။ သူတို့က အဓိကအင်ဂျန်းယန်မြို့မှာ စခန်းထိုင်တာဟုတ်တယ်။ ၁၆ မိုင် နဲ့ဂွေထော်က စခန်းငယ်လိုဟုတ်တယ်။ ၁၁ မိုင်မှာက KIA တွေစခန်းပြန်ထိုင်တော့ အဲ့တာကိုဖြတ်ရသေးတယ်လေ” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်း ၂၀၀ ခန့်ကထွက်ခွာသွားသော်လည်း ဒေသခံဝန်ထမ်းအချို့နှင့် ကျန်းမာရေးဝန်ထမ်းအချို့က ကျန်ရှိနေဆဲဖြစ်ကြောင်း သူကပြောသည်။

အဆိုပါအင်အား ၁၀၀ ခန့်က နိုဝင်ဘာလ ၂၀ ရက်နေ့မှ စတင်ကာ အင်ဂျန်ယန်မြို့မှ ထွက်ခွာသွားခြင်းဖြစ်ပြီး ၂၁ ရက်နေ့က မြစ်ကြီးနား – ဆွမ်ပါရာဘွမ်လမ်း နောင်နန်းကျေးရွာအုပ်စုမှ မြစ်ဆုံအထိလမ်းတစ်လျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးယူကာ ကြိုယူခဲ့ကြောင်း ကျိန်ခရန်ကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“KIA တပ်မဟာ ၁ ဘက် ခွင့်တောင်းပြီးဆင်းလာတယ်လို့ပြောကြတယ်။ စစ်သားတွေလက်နက်ပစ္စည်း အစုံပါတယ်၊ ဝန်ထမ်းတွေလည်းကားပေါ်မှာပါတယ်။ တခြားပစ္စည်းတွေလည်း ကားလမ်းပေါ်မှာတွေ့လိုက်တယ်။ မှောင်နေပြီ သူတို့ဆင်းလာပြီးမှ လမ်းတစ်လျှောက်လုံခြုံရေးယူထားတဲ့ စစ်သားတွေလည်း မရှိတော့ဘူး” ဟုပြောသည်။

မြစ်ဆုံအထက်ရှိ အင်ဂျန်းယန်မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးရုံး၊ မီးတပ်ဌာန၊ စည်ပင်၊ ပြန်ကြားရေး၊ ပညာရေးနှင့် ကျန်းမာရေးဌာနများရှိကြောင်း သိရသည်။

အင်ဂျန်းယန်မြို့နယ်တွင် အင်ဂျန်းယန်ကျေးရွာ၊ အင်လောက်ယန်ကျေးရွာ၊ အင်ဂရန်ကောင်ကျေးရွာ၊ ဇွပ်မိုင်ယန်ကျေးရွာ၊ ဘွမ်နမ်ယန်ကျေးရွာ၊ ခွမ်စိုင်တောင်ယန်ကျေးရွာ၊ ဆနီတူယန်ကျေးရွာ၊ တန်ဘောင်ယန်ကျေးရွာနှင့် ဂွေထော်ကျေးရွာစသည့် ကျေးရွာ ၉ ခုပါရှိပြီး ၂၀၁၄ သန်ခေါင်စာရင်းအရ အိမ်ထောင်စု ၁၇၀၀ ခန့် လူဦးရေ ၈၀၀၀ ကျော်နေထိုင်သည်။

သတင်း – Doi Awng
ဓါတ်ပုံ –

သင့်ထင်မြင်ချက်ရေးပေးပါ