စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ယနေ့ နံနက် ၉ နာရီခွဲခန့်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကျဆုံးခဲ့ကြောင်း သိရသည်။

ရန်ကြီးအောင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ယနေ့နံနက်လေးနာရီခွဲခန့်မှ စတင်ကာ စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တိုက်ပွဲဝင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“အဲ့စခန်းကိုပဲ တစ်နေ့ကလည်းတစ်ခေါက်ဝင်လုံးတာပေါ့နော်၊ အဲ့ချိန်ဗျူဟာအဆင်မပြေလို့ပြန်ဆုတ်ခဲ့ရတယ်။ ဒီမနက်ကတော့ လေးခွဲလောက်ဝင်လုံးပြီး ရှစ်ခွဲလောက်တော့ သူတို့(စစ်ကောင်စီ) ၂၀ ဝန်းကျင်တော့ စခန်းစွန့်ထွက်ပြေးသွားတာပေါ့။ အဲ့ချိန်လက်ကျန်တွေကိုဆက်ဝင်လုံးပြီး ကိုးနာရီလောက်မှာက အပြီးအပိုင်သိမ်းမိတာဗျာ” ဟုပြောသည်။

အင်အား ၃၀ ခန့်တပ်စွဲထားသော အဆိုပါစစ်ကောင်စီစခန်းကို ဝင်ရောက်တိုက်ခိုက်ချိန် တော်လှန်ရေးပူးပေါင်းတပ်မှ တပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့ပြီး ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် သေဆုံးသူများလည်းရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဗိုလ်ကြီးသန်းနိုင်သေသွားလားဆိုတာကတော့ Confirm (အတည်ပြု) တော့မပေးနိုင်သေးဘူး။ အလောင်းတွေနဲ့ အရှင်တွေရော ပြီးတော့လက်နက်ခဲယမ်းတွေလည်းရတယ်။ အသေးစိတ်တော့ အမှတ် ၁ စစ်ဒေသကနေ ထုတ်ပြန်လာမှာဗျ” ဟုဆိုသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က MI-35 ဖြင့်တစ်ကြိမ်၊ ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ် လာရောက်တိုက်ခိုက်သွားကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံကသိရသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးပြီး နှစ်ဦးအရှင်ဖမ်းမိထားကာ လက်နက်အများအပြားလည်း သိမ်းဆည်းရမိထားကြောင်း သိရသည်။

ထို့အပြင် ရန်ကြီးအောင်စခန်းသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက မန်တော်ရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ရာမှ လက်ရှိအချိန်ထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်နေ့ကလည်း စစ်ကောင်စီလေယာဉ်မှချပေးသည့် ထောက်ပို့ပစ္စည်း သေတ္တာ ၁၁ လုံးကို ကလေးမြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များက ရယူနိုင်ခဲ့ကြောင်း သိရသည်။

ကလေးမြို့နယ်၊ မြောက်စီးစစ်ကောင်စီစခန်းနှင့် တောင်ခင်ရန်းရဲစခန်းတို့ကိုလည်း ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်နေက တော်လှန်ရေးအင်အားစုများပူးပေါင်း တိုက်ခိုက်ခဲ့သည်။

 

သတင်း – Dureng, Thu Ta

ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ