ဦးရွှေမင်းဦးဆောင်သည့် ပြည်သူ့စစ်တပ်ဖွဲ့က ဝိုင်းမော်မြို့နယ်တွင် ကင်းလှည့်နေစဉ် သေနတ်နှင့် ပစ်ခတ်ခဲ့သောကြောင့် အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စန်းကားကျေးရွာ၊ ရပ်ကွက် (၅)၊ လမ်းဘေးတွင်လမ်းလျှောက်နေသည့် အမျိုးသားနှစ်ဦးကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က ရပ်ရန်ပြောချိန် မရပ်သောကြောင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု စန်းခါးကျေးရွာဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“သူတို့ညဆိုရင်ကင်းလှည့်နေတာ အဲ့မှာအမျိုးသားနှစ်ဦးဟုတ်တယ်။ သူတို့ရပ်ခိုင်းတဲ့အချိန် မရပ်တာကြောင့် သေနတ်နဲ့ပစ်လိုက်လို့တစ်ယောက်ကထိသွားတယ်။ တစ်ယောက်က ငှက်ပျော်ခြံဘက် ထွက်ပြေးသွားလို့လွတ်သွားတယ်။ လူနာတင်ယာဉ်နဲ့တော့ သယ်သွားတာတွေ့လိုက်တယ်” ဟုပြောသည်။

ညာဘက်ပေါင်တွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည့် အမျိုးသားမှာ အသက် ၄၇ နှစ်ခန့်အရွယ်ရှိ ဦးဗျာဝူဆိုသူဖြစ်ပြီး ဝိုင်းမော်ဆေးရုံမှတစ်ဆင့် မြစ်ကြီးနားဆေးရုံသို့လွှဲပြောင်းကာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

အဆိုပါပြည်သူ့စစ်တပ်ဖွဲ့ဝင်များမှာ ညစဉ်ကျေးရွာအတွင်း ပတ်ကင်းလှည့်လျက်ရှိပြီး ထိုညက သေနတ်ပစ်ခတ်သံ တစ်ချက်ကြားခဲ့ရကြောင်း ဒေသခံအခြားအမျိုးသားတစ်ဦးကပြောသည်။

“အခုကစုဆောင်းရေးလည်းအရမ်းလုပ်နေတော့ ထွက်ပြေးတာထင်တယ်။ လီဆူတွေကို ပိုပြီးစစ်ဆေးတာတွေ လုပ်နေတာ ဒီမှာက” ဟုပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ဒုတိယအပါတ်မှစတင်ကာ ဦးရွှေမင်းဦးဆောင်သည့် ပြည်သူ့စစ်တပ်ဖွဲ့များက ဝိုင်းမော်မြို့နယ်တွင် တစ်အိမ်တက်ဆင်း ပြည်သူ့စစ်အဖွဲထံဝင်ရောက်ရန် လက်ကမ်းစာစောင်များ လိုက်လံပေးဝေနေပြီး လူသစ်စုဆောင်းမှုများလည်း ပြုလုပ်နေပြီဖြစ်ကြောင်း ဒေသခံပြည်သူများ၏ ပြောပြချက်အရ သိရသည်။

ဝိုင်းမော်မြို့နယ် အောင်မြေ (၂) ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ရွှေမင်းပြည်သူ့စစ်တပ်ဖွဲ့က ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်ကလည်း စခန်းရှေ့တွင် ဆိုင်ကယ်စီးနင်းလာသည့် လမ်းသွားလမ်းလာ အမျိုးသားသုံးဦးကို ပစ်ခတ်ခဲ့သောကြောင့် အမျိုးသားတစ်ဦး ဘယ်ဘက်ဒူးခေါင်းအောက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သတင်း – Doi Awng

သင့်ထင်မြင်ချက်ရေးပေးပါ