တမူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည့် ပျူစောထီးအဖွဲ့ဝင်သုံးဦးက သေနတ်လုယူထွက်ပြေးရန် ကြိုးစားစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

ထန်းတပင်ကျေးရွာ စာသင်ကျောင်းတွင်တပ်စွဲထားသော စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့ကို နှစ်ရက်ဆက်တိုက် သွားရောက်တိုက်ခိုက်ခဲ့ပြီး ပျူစောထီးငါးဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သော်လည်း သုံးဦးသေဆုံးသွားသည်ဟု PDF – Tamu တပ်ရင်း ၄ ပြောရေးဆိုခွင့်ရှိသူက The 74 Media ကို ပြောသည်။

“ပထမတစ်ရက်က အင်အားမမျှတော့ နောက်ဆုတ်ပေးလိုက်တာပေါ့နော်။ ကျန်တဲ့စစ်ကြောင်းတွေနဲ့ ပူးပေါင်းပြီးတော့ ပြန်တိုက်တဲ့အချိန်မှာ RPG ပစ်လိုက်တော့ အစတွေမှန်ပြီးတော့ မပြေးနိုင်တဲ့ ပျူစောထီး ငါးယောက်ကိုပေါ့နော် အရှင်မိတာပေါ့” ဟုဆိုသည်။

သေနတ်လုထွက်ပြေးရန်ကြိုးစားခဲ့သောကြောင့် ပစ်ခတ်ချိန် သေဆုံးခဲ့သူသုံးဦးတွင် တမူးပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ရင်း (၁) မှ စစ်ကောင်စီထံ အလင်းဝင်ပြီးနောက် ပျူစောထီးအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေသူပါဝင်ပြီး ကြံ့ခိုင်ရေးပါတီအမတ်ဟောင်း ဦးမြင့်အောင်နှင့် ကျန်တစ်ယောက်ကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း သူကဆက်ပြောသည်။

“တိုက်ပွဲဖြစ်နေတဲ့အချိန် ဖမ်းဆီးခေါ်ဆောင်လာစဉ်မှာပဲ ရုန်းရင်းဆန်ခတ်ဖြစ်ပြီးတော့ သေနတ်ကိုလုတော့ ကလေးတွေက ပစ်ခတ်ရှင်းလင်း လိုက်ရတယ်ပေါ့နော် သုံးယောက်ကတော့။ ဦးမြင့်အောင်နဲ့ နောက်တစ်ယောက်ကတော့ အသက်ရှင်လျက်ရှိပါတယ်။ ခရိုင်ကွပ်ကဲရေးကနေပြီးတော့ တာဝန်ရှိတဲ့သူတွေကို အပ်မှာပါ” ဟုဆိုသည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကြံခိုင်ရေးပါတီအမတ်ဟောင်း ဦးမြင့်အောင်မှာ ပျူစောထီးအဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်ကြောင်း ဒေသခံကာကွယ်ရေးတပ်များ၏ ပြောဆိုချက်အရ သိရသည်။

ယမန်နေ့က သတင်းပျံ့နှံ့ခဲ့သည့် တမူးမြို့နယ်တွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်နှစ်ဦး စစ်ကောင်စီထံ အလင်းဝင်သွားပြီး ပျူစောထီးတပ်ဖွဲ့ဝင်သုံးဦးကို သတ်ဖြတ်ပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့ထံ ပြန်လည်ဝင်ရောက်ခဲ့သည် ဟူသောသတင်းမှာ သတင်းမှားသာဖြစ်ကြောင်း တမူးခရိုင်အမှတ် – ၂ တပ်ရင်း သတင်းပြန်ကြားရေးတာဝန်ခံက အတည်ပြုပြောသည်။

“အခုကျွန်တော်တို့ဘက်က စကစဘက်အလင်းဝင်ပြီးတော့ အဲ့လိုမျိုးဖြစ်သွားတာတော့ အဲ့သတင်းက မဟုတ်ဘူးဗျာ။ ကျွန်တော်တို့ဘက်အဲ့လိုမျိုးမရှိဘူးဗျာ။ အဲ့သတင်းကသတင်းအမှားဗျာ သတင်းတွေက အခုတလောအရမ်းပျံ့နေတာ ဒီဘက်မှာတစ်ကယ်ဖြစ်နေတာနဲ့လည်း တခြားစီပဲ သတင်းတွေက ဘယ်သူတွေဖြန့်လို့၊ ဖြန့်မှန်းလည်းမသိဘူး” ဟုဆိုသည်။

တမူးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ကြား ထိတွေ့တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး ခမ်းပတ်မြို့ကိုလည်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များက ငါးရက်ကြာတိုက်ခိုက်ခဲ့ပြီးနောက် နိုဝင်ဘာလ ၇ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့သည်။

သတင်း – Thu Ta, Dureng

သင့်ထင်မြင်ချက်ရေးပေးပါ