တရုတ် – မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ ကျင်စန်းကျော့ဂိတ်တွင် ယနေ့ နံနက် ၈ နာရီခွဲခန့်မှစတင်ကာ ကုန်ကားများမီးလောင်နေကြောင်း သိရသည်။

တရုတ်နိုင်ငံသို့ ဝင်ရောက်မည့် ကုန်ကားများထားရှိရာနေရာဖြစ်သော ကျင်စန်းကျော့ဂိတ်တွင် လက်နက်ကြီး ပေါက်ကွဲသံနှစ်ချက်ကြားရပြီးနောက် ကားများမီးလောင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“မနေ့ကတည်းက ကားကထွက်ဖို့ ပေးမထွက်ဘူးတဲ့။ အဲ့တာဒီမနက် ပစ်ပြီးရှို့ပေးလိုက်တာတဲ့ အသံတော့ နှစ်ခါကြားတယ်။ အခြေအနေ တော်တော်ဆိုးတယ်လို့ပြောလို့ရတယ်။ အခုလည်းလောင်နေတယ် စစ်တပ်က ကားမောင်းထွက်မယ်ဆိုလည်း ပေးမထွက်ဘူးတဲ့” ဟုပြောသည်။

လက်ရှိအချိန်ထိ ကုန်တင်တွဲကားအများအပြားမီးလောင်နေဆဲဖြစ်ပြီး မီးသတ်ကားလည်းရောက်ရှိလာခြင်း မရှိသေးကြောင်း မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

“မီးသတ်ကားလာတာလည်း မတွေ့သေးဘူး။ မီးငြိမ်းဖို့လည်း မလွယ်ပါဘူး။ အခုလည်း အများကြီးထပ်လောင်နေသေးတယ်။ လက်နက်ကြီးကျတယ်လို့ပဲ သိရတာ” ဟုပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ကနဦးသိရပြီး မီးလောင်ရသည့်အကြောင်းအရင်းနှင့် ပျက်စီးသွားသည့် ကားအရေအတွက်စာရင်းကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

အဆိုပါကားကွင်းသည့် တရုတ်နိုင်ငံသို့ တင်ပို့သည့် ကုန်ပစ္စည်းများတင်ဆောင်လာသောကားများ ထားရှိရာ နေရာဖြစ်ကြောင်း သိရသည်။

မြန်မာ – တရုတ်နယ်စပ်တွင် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နှင့် ကန်ပိုက်တီးစသည့် နယ်စပ် ကုန်သွယ်ရေးဇုန် လေးခုရှိသည်။

သတင်း – Pan soon
ဓါတ်ပုံ – ဖေစ့်ဘုတ်လူမှုကွန်ရက်စာမျက်နှာ
Now

 

သင့်ထင်မြင်ချက်ရေးပေးပါ