ဖားကန့်မြို့တွင် ယမန်နေ့က အုပ်စုဖွဲ့လက်နက်ကိုင်လုယက်မှု နှစ်ခုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူနှစ်ဦးကို ဒေသခံများဝိုင်းဝန်းဖမ်းဆီးလိုက်ကြောင်း သိရသည်။

မှော်စီစာကျေးရွာရှိ (TOP) စက်သုံးဆီဆိုင်အနီးတွင် ဆိုင်ကယ်လုပြေးသည့် လူငယ်နှစ်ဦးကို ဒေသခံပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု မှော်စီစာကျေးရွာမှ ရေမဆေးရှာဖွေသူတစ်ဦးက The 74 Media ကိုပြောသည်။

“နှစ်ယောက်ဟုတ်တယ်။ တစ်ယောက်ခပ်ငယ်ငယ်လေးရှိသေးတယ် (၁၆) နှစ်လောက်ပေါ့။ နောက်တစ်ယောက်ကတော့ (၃၀) ကျော်ရှိမယ်။ ဆိုင်ကယ်လုခံရတဲ့သူက နောက်ကနေလိုက်အော်တာနဲ့ တားပြီးဖမ်းထားလိုက်တာ သက်ဆိုင်ရာကလာခေါ်သွားပြီ” ဟုသူကပြောသည်။

လုယက်မှုကျူးလွန်ခဲ့သူနှစ်ဦးကို ကချင်လွတ်မြောက်ရေးတပ် (KIA) က လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများက ဆိုသည်။

ဆိပ်မူကျေးရွာနှင့် ဘဇံချောက်ကျေးရွာကြားတွင် ဆိုင်ကယ်မောင်းနင်လာသည့် အမျိုးသားတစ်ဦးကို ယမန်နေ့ မွန်းလွှဲ ၁ နာရီခန့်က လက်နက်များကိုင်ဆောင်ကာ အုပ်စုဖွဲ့လုယက်မှုဖြစ်ပွားခဲ့သည်ဟု အသက် (၂၈) နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“(Canda) အမျိုးအစားဆိုင်ကယ်တစ်စီးနဲ့ ဖုန်းတစ်လုံးပါသွားတယ်လို့ပြောတယ်။ ကြည့်ရတာဒီကောင်တွေက လူလာမှာကိုကြိုစောင့်ထားတာနေမယ်၊ သေနတ်တွေလည်းပါတယ်။ လူကိုတော့ဘာမှမလုပ်သွားဘူး။ သူတို့လိုချင်တာကိုပဲယူသွားကြတယ်။ အဲ့နားကခဏခဏ ဓားပြတိုက်ခံထိတယ်” ဟုပြောသည်။

ဖားကန့်မြို့နယ်တွင် မကြာခဏ ခိုးဆိုးလုယက်မှု၊ လုပ်ကြံသတ်ဖြတ်မှု၊ ပိုင်ရှင်မဲ့အလောင်းတွေ့ရှိမှုနှင့် သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းတွေ့ရှိမှုများရှိပြီး ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်နေ့ကလည်း လုံးခင်းကျေးရွာ ရပ်ကွက် (၂) ရှိ မဂျာနူးငွေလွှဲ၊ ငွေထုတ်ဆိုင်ကိုလည်း အမည်မသိလက်နက်ကိုင်ထားသည့် လူတစ်စုက ဝင်ရောက်ဓားပြတိုက်သွားခဲ့သည်။

သတင်း – Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ