တနိုင်းလီဒိုလမ်းမပေါ်ရှိ နောင်းလုံကောင်ရာကျေးရွာတွင် ယနေ့ညနေ ၄ နာရီခန့်က အလယ်တန်းကျောင်းသားတစ်ဦး ကြိုးဆွဲချသေဆုံးနေသည်ကိုတွေ့ရှိခဲ့ကြောင်း သိရသည်။

စာမရသောကြောင့် ဆရာမဖြစ်သူက ရိုက်နှက်ပြီး စာသင်ခန်းထဲမှ ထွက်သွားရန်ပြောဆိုခဲ့ပြီးနောက် နေအိမ်တွင် ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု နီးစပ်သူတစ်ဦးက The 74 Media ကို ပြောသည်။

“ကျောင်းခန်းထဲမှာ သူ(သေဆုံးသူ)နဲ့အတူ ကျောင်းသားတွေကို ဆရာမက စာမေးတာမရလို့ ရိုက်တယ်တဲ့။ ရိုက်လို့ငိုတော့ ဆရာမက ဘာလို့ငိုလဲမေးတော့ ငိုချင်လို့ ငိုတာလို့ ပြန်ပြောလိုက်တော့ စာအုပ်တောင်ပြဲအောင် ပြန်ရိုက်ပြီး စာသင်ခန်းထဲ မလာဖို့ မောင်းထုတ်လိုက်တာ၊ ညနေပိုင်းကျောင်းလည်း မသွားတော့ဘူး။ အိမ်ထဲမှာပဲ သူ့အဖွားအခန်းမှာ ကြိုးနဲ့ လည်ပင်းကွင်းစွပ်ပြီး ဆုံးသွားတာ” ဟုပြောသည်။

သေဆုံးခဲ့သူမှာ နောင်းလုံကောင်ရာကျေးရွာရှိအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ပညာသင်ကြားနေသည့် အသက် ၁၅ နှစ်ခန့်အရွယ်ရှိ ရှစ်တန်းကျောင်းသား မောင်ယောနူးဆိုသူဖြစ်ပြီး မဆုံးမီ အိမ်အလုပ်များလည်းလုပ်သွားကြောင်း သူကဆက်ပြောသည်။

“သူမဆုံးခင် အိမ်မှာထမင်း၊ ဟင်းတွေ အကုန်ချက်ထားခဲ့တာ။ ရေပုံးအပြည့်ရေတွေလည်း ခပ်ထည့်သွားတယ်။ ဘယ်လောက်လိမ္မာတဲ့ ကလေးဆိုတာ” ဟု ပြောသည်။

မောင်ယောနူးကို ယနေ့ညနေတွင် မြေမြုပ်သင်္ဂြိုဟ်လိုက်ပြီး ရိုက်နှက်ခဲ့သူ အလယ်တန်းပြဆရာမ ဒေါ်ထက်ထက်မိုးဆိုသူကလည်း မြေမမြုပ်မီ ရိုက်နှက်ခဲ့သည်ကို ဝန်ခံခဲ့ကြောင်း ဈာပနဆုတောင်းပွဲတွင်တက်ရောက်ခဲ့သူတစ်ဦးက ပြောသည်။

“အဲ့ဒီဆရာမက ကလေးဆုံးသွားပြီဆိုတာသိတော့ တနိုင်းကို ပြန်သွားတာ။ ရွာကိုပြန်လာဖို့ တကူးတကပြန်ခေါ်ယူရတာ။ ဆုတောင်းပွဲမလုပ်ခင် အဲ့ဒီဆရာမ ငိုယိုပြီး ပြန်လာတောင်းပန်တာ။ ကလေးဒီလိုဖြစ်ရတာ တရားခံကသူပဲ၊ တရားစွဲတာမျိုး မဟုတ်ရင်တောင် နောက်ဒီလို ကလေးတွေကို ရိုက်နှက်တာမျိုး မရှိအောင် အခုလိုကျူးလွန်တာကို ထိထိရောက်ရောက် အရေးယူတာမျိုးတော့ လုပ်စေချင်တယ်” ဟုပြောသည်။

အဆိုပါကျာင်းတွင် ဆရာ၊ ဆရာမများ၏ ရိုက်နှက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နှစ်ရှည်ဖျားနာမှုဖြစ်ကာ သေဆုံးခဲ့ရသည့်ကျောင်းသား၊ ကျောင်းသူ နှစ်ဦးရှိခဲ့ပြီဖြစ်ကြောင်း ဒေသခံများကဆိုသည်။

တနိုင်းမြို့နယ်၊ နောင်းလုံကောင်ရာကျေးရွာအုပ်စုတွင်၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ထောင်စု သုံးရာခန့်ရှိပြီး လူဦးရေနှစ်ထောင်ကျော်နေထိုင်သည်။

သတင်း – Pan Soon

သင့်ထင်မြင်ချက်ရေးပေးပါ