မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့တွင် ယမန်နေ့ညနေ ၃ နာရီခန့်က အဆောက်အအုံနှစ်ခု မီးလောင်ပျက်စီးခဲ့ကြောင်းသိရသည်။

လမ်းခွကျေးရွာ ထွယ်ဆန်ရပ်ကွက်ရှိ နေအိမ်အပေါ်ထပ်မှစတင်မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အိမ်လုံးကျွတ် မီးလောင်ပြာကျခဲ့သည်သည်ဟု နေအိမ်အနီးတွင်နေထိုင်သူတစ်ဦးက The 74 Media ကိုပြောသည်။

“မီးလောင်ပြီဆိုပြီးအော်တော့ ပြေးကြည့်တဲ့အချိန် အပေါ်ထပ်အိပ်ခန်းကနေစလောင်နေတာ။ အပေါ်ထပ်မှာက ဘယ်သူမှမရှိဘူးဆိုတော့ ဝါယာကြိုးရှော့ခ်ဖြစ်လို့လောင်တာပဲဖြစ်နိုင်တယ်။ ကျွန်တော်တို့လည်း တက်နိုင်သလောက် ရေတွေလောင်းပြီးကူခဲ့ပေမဲ့ အရမ်းလောင်နေတာဆိုတော့ မီးမငြိမ်းနိုင်ခဲ့ဘူး ဘာမှကိုမကျန်တာ” ဟု ပြောသည်။

မီးသတ်ကားနှစ်စီးဖြင့် လာရောက်မီးငြိမ်းသတ်ခဲ့သော်လည်း ပျဉ်ကာနှစ်ထပ်အိမ်တစ်လုံးနှင့် မီးဖိုချောင်တစ်လုံးမီးလောင်ပျက်စီးခဲ့ကာ ဆန်ငါးပြည်နှင့် အဝတ်အထည်အချို့သာရရှိခဲ့ကြောင်း သွားရောက်ကူညီခဲ့သူအမျိုးသားတစ်ဦးက ပြောသည်။

“အဖွားက သူ့အဝတ်သုံး၊ လေးထည်သွားဆွဲလာပြီးငိုနေတာ ကျွန်တော်တို့က ဆန်လေးငါးပြည်ပဲ ယူပေးနိုင်ခဲ့တယ်။ ဘာမှကိုမရခဲ့တာ အဲ့အိမ်က အဖွားအိုနဲ့ကလေးတွေပဲရှိတာတဲ့ ကလေးတွေလည်း ငယ်ကြသေးတယ်ထင်တယ် ရွာလည်ဆော့နေကြတယ်လို့ကြားတာပဲ” ဟုပြောသည်။

အသက် ၆၀ ကျော်ခန့်အရွယ်ရှိ အဘွားဖြစ်သူနှင့် မြေသုံးဦးကို လက်ရှိ ဒေသခံပြည်သူများက ဝိုင်းဝန်းကူညီပေးနေကြကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့ကလည်း နမ္မတီးမြို့ မြို့မရွှေဝါရပ်ကွက်တွင် နှစ်ထပ်အိမ် နှစ်အိမ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်ရှင်အမျိုးသမီးတစ်ဦး ကျောကုန်းတွင် မီးလောင်ဒဏ်ရာရရှိခဲ့ကာ အသက် ၇၀ အရွယ် သက်ကြီးရွယ်အိုတစ်ဦး အမောဖောက်ကာ မူးလဲခဲ့သည်။

သတင်း – Zami

သင့်ထင်မြင်ချက်ရေးပေးပါ