မြေရှားသတ္တုတူးဖော်သည့်လုပ်ငန်းကြောင့် မိုးမောက်မြို့နယ်၊ အင်ခေါင်းပါကျးရွာမှ လူဦးရေ ၃၀၀ ကျော် အမျိုးအမည်မသိအရေပြားရောဂါခံစားနေရကြောင်းသိရသည်။

မိုးမောက်မြို့နယ်၊ အင်ခေါင်းပါကျေးရွာအနီးတွင် မြေရှားသတ္တုတူးဖော်သည့်လုပ်ငန်း လာရောက်လုပ်ကိုင်ပြီးနောက် ချောင်းရေချိုးသည့် ဒေသခံပြည်သူများ အရေပြားရောဂါ ခံစားနေရခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“ဒီမှာနေတာ ဆယ်နှစ်ကျော်ပြီ အရင်ကအဲ့လိုအနာတွေတစ်ခါမှ မဖြစ်ဖူးဘူး။ အခုက အရေပြားယားယံပြီး အနာဖြစ်လာတာ၊ လက်ချောင်းကြားတွေမှာ အနာဖြစ်ပြီး အရေခွံပြဲသွားတဲ့အနာတစ်မျိုးပြီးတော့ ခန္ဓာကိုယ်မှာတွေယားပြီဆို အရမ်းယားပြီး အနာဖုတွေဖြစ်တဲ့အနာဆိုပြီး နှစ်မျိုးရှိတယ်။ ဆိုးဆိုးဝါးဝါးဖြစ်သလို နည်းနည်းပါးပါးပဲဖြစ်တာလည်းရှိတယ်” ဟုပြောသည်။

အရေပြားရောဂါအပြင် သက်ကြီးရွယ်အိုများနှင့်ကလေးငယ်များလည်း မူဝေအော့အန်ခြင်း၊ မေ့လဲခြင်းများလည်း မကြာခဏဖြစ်လေ့ရှိကြောင်း သူကဆက်ပြောသည်။

“အရင်ကတော့ ကလေးတွေခေါင်းမူးတယ်ဆိုတာ တစ်ခါမှ မကြားဖူးဘူး အခုက ကျောင်းသားတွေလည်း ခဏခဏဖြစ်ကြတယ်။ ခေါင်းမူးပြီးလဲကျတာ ကိုယ်တိုင်လည်းနှစ်ခါကြုံဖူးပြီ။ အဲ့လိုဖြစ်တာက မြေရှာသတ္တုတူးတဲ့နောက်ပိုင်း တစ်နှစ်ကျော်၊ နှစ်နှစ်လောက်တော့ရှိပြီ” ဟုပြောသည်။

လူဦးရေ တစ်ထောင်ခန့်နေထိုင်သည့် အင်ခေါင်းပါကျေးရွာတွင် လက်ရှိအရေပြားရောဂါခံစားနေရသည့် လူဦးရေ ၃၀၀ ခန့်အတွက် ဆေးဝါးလုံလောက်မှုမရှိသောကြောင့် ဆေးကုသပေးရာတွင်လည်း အခက်အခဲများစွာရှိကြောင်း ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

“မြေရှားသတ္ထုတူးတာဟိုဘက်မှာ အများကြီးရှိတယ်လေ။ အဲဒီဘက်ကဆင်းလာတဲ့ချောင်းရှိတယ်၊ အဲဒီမှာကလေးတွေဆော့တယ် တချို့လည်းမဆော့ဘူး ဒါပေမဲ့ ဖြစ်တယ် ကလေးလူကြီးမရွေးပေါ့။ ဒီဘက်မှာမြေရှားတူးတယ် ဆိုရင်တော့ မပျောက်နိုင်ဘူးလို့ပြောတယ် ဆရာဝန်တွေက” ဟုဆိုသည်။

အဆိုပါသတ္တုတူးဖော်ရေးလုပ်ငန်းတွင် လုပ်ကိုင်နေသူများမှာလည်း ဆီးသွားလျှင်သွေးပါခြင်း၊ ခေါင်းမူး၊ ခေါင်းကိုက်ခြင်းနှင့် ဗိုက်အောင့်ခြင်းများ မကြာခဏဖြစ်လေ့ရှိကြကြောင်း ဒေသခံကျန်းမာရေးဝန်ထမ်းအချို့ထံက သိရသည်။

ဒေသခံများအများစုမှာ စစ်ဘေးရှောင်များနှင့် လက်လုပ်လက်စားများဖြစ်သောကြောင့် ပြင်ပဆေးရုံကြီးများတွင် ဆေးကုသနိုင်ခြင်းမရှိဘဲ ကချင်လွတ်မြောက်ရေးတပ် (KIA)က ဖွင့်လှစ်ထားသော ဆေးခန်းများတွင်သာ ဆေးကုသနေရသော်လည်း ဆေးဝါးလုံလောက်မှုမရှိကြောင်း ဆေးကုသပေးနေသူများက ဆိုသည်။

ကချင်လွတ်မြောက်ရေးတပ် (KIA) ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့နှင့် မိုင်ဂျာယန်မြို့ကြားတွင်တည်ရှိသည့် အင်ခေါင်းပါကျေးရွာမှ အုပ်ချုပ်ရေးရာတာဝန်ရှိသူများက မြေရှားတူးဖော်နေသူများနှင့် ပူးပေါင်းနေသောကြောင့် အခြေအနေပိုမိုဆိုးဝါးနေခြင်းဖြစ်ကြောင်း ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“ကန့်ကွက်ပေမဲ့လည်း မထိရောက်ဘူးဖြစ်နေတာ။ နေ့လည်းနေ့၊ ညလည်းည စမ်းသပ်နေကြတယ်။ တစ်နေရာတောင်ကျန်မဲ့အနေအထားမရှိဘူး။ လောပန်းတွေကတော့ တရုတ်တွေပဲဟုတ်တယ်။ ရွာလူကြီးတချို့ကလည်း အဲ့လိုတူးလိုက်ပေမဲ့ ဘာမဆိုစိုက်ပျိုးလို့ရတယ်ပြောတယ်၊ လောပန်းတွေကလည်း အဲ့နေရာတွေမှာပိုပြီး စိုက်ပျိုးလို့ရတယ်လို့ပြောတယ်။ ကျွန်တော်တော့အရမ်းအံဩတယ်” ဟုပြောသည်။

ဒေသခံပြည်သူများက ကန့်ကွက်နေသော်လည်း မြေရှားသတ္တုတူးဖော်ရာတွင်အသုံးပြုသော ပစ္စည်းများကို နေ့စဉ်နှင့်အမျှ ဆယ်နှစ်ဘီးကားများဖြင့် သယ်ယူနေကြောင်း ဒေသခံများကပြောသည်။

ကမ္ဘာ့နိုင်ငံများတွင် မြန်မာနိုင်ငံသည် မြေရှားသတ္တုတင်ပို့မှုတတိယအများဆုံးနိုင်ငံဖြစ်ပြီး အဆိုပါသတ္တုတူးဖော်မှုများကို ကချင်ပြည်နယ်ရှိမြို့နယ်အချို့တွင် တရားမဝင်တူးဖော်ကာ တရုတ်နိုင်ငံသို့ အဓိကတင်ပို့ကြသည်။

မံစီမြို့နယ်၊ ဒိန်ဆိန်းပါဒေသရှိ မြေရှားသတ္တုတူးဖော်ရေးကုမ္ပဏီများသည် ဒေသခံများအပြင်းအထန် ကန့်ကွက်ခဲ့သောကြောင့် မေလ ၂ ရက်နေ့က အပြီးအပိုင် ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

သတင်း – Dureng, Thu Ta

ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ