ကလေးမြို့လေဆိပ်တွင် ယနေ့နံနက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် လေယာဉ်ခရီးစဉ်များကို သုံးရက်ပယ်ဖျက်လိုက်ကြောင်း သိရသည်။

လေဆိပ်အနီး ယနေ့ နံနက်ပိုင်းတွင် ဗုံးကွဲသံထွက်ပေါ်လာပြီးနောက် ဆိုက်ရောက်လေယာဉ်များကိုပယ်ဖျက်လိုက်ခြင်းဖြစ်သည်ဟု လေဆိပ်အနီးနေထိုင်သည့်‌ ဒေသခံအမျိုးသား တစ်ဦးက The 74 Media ကိုပြောသည်။

“ဒီနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲသံတော့ကြားလိုက်တယ်။ ဘယ်နားကျသလဲတော့မသိဘူး။ ၁၀ နာရီလောက်မှာတော့ လေယာဉ်တစ်စီးတက်သွားတယ်။ နောက်ထပ်လေယာဉ်ဆင်းတဲ့ အသံတော့မကြားရသေးဘူး” ဟုဆိုသည်။

ဆိုက်ရောက်ခရီးစဉ်များအားလုံးကို ယနေ့မှစတင်ကာ နိုဝင်ဘာလ ၂၃ ရက်နေ့အထိ သုံးရက်တိုင် ပယ်ဖျက် (Flight Cancel) ဖြစ်သွားကြောင်း လေယာဉ်လက်မှတ်အရောင်းဌာနတစ်ခု၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

“အဓိကတော့ ကလေးမြို့ကို အခြေပြုပြီးတော့ Cancel ဖြစ်တာဗျ။ ဘာကြောင့်လဲတော့မသိဘူးဗျ။ ကျွန်တော်တို့ကိုတော့ Flight Cancel ဖြစ်တယ်လို့ပဲ အကြောင်းကြားထားပေးတာဗျ” ဟုဆိုသည်။

ဆိုက်ရောက်လေယာဉ်များမည်သည့်အကြောင်းကြောင့် ဖျက်သိမ်းလိုက်သည်ကို ကြေညာထားခြင်း မရှိသော်လည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရန်ကုန်၊ မန္တလေး၊ မုံရွာစသည့် မြို့များမှ ကလေးမြို့လေဆိပ်သို့ ဆိုက်ရောက်မည့် လေကြောင်းခရီးစဉ်ခြောက်ခု ပယ်ဖျက်ခဲ့ကြောင်းသိရသည်။

ကလေးမြို့လေဆိပ် လေယာဉ်ပြေးလမ်း ယနေ့ နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့ခြင်းကြောင့် ခြောက်လက်မပတ်လည်ခန့် လေယာဉ်ပြေးလမ်းအပေါ်ယံလှန်သွားကြောင်း သိရသော်လည်း The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသအများစုတွင် တိုက်ပွဲများပြင်းထန်ခဲ့သောကြောင့် လားရှိုးမြို့လေဆိပ်သို့ လာရောက်မည့်လေယာဉ်ခရီးစဉ်များ ပယ်ဖျက်ခဲ့သည့် ဖြစ်စဉ်များလည်းရှိခဲ့သည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ