ဝက်လက်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ယနေ့နံနက်အစောပိုင်းက ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ရွှေပန်းကုံးကျေးရွာရှိ စခန်းကို ယနေ့နံနက် ၃ နာရီခွဲခန့်မှစတင်ကာ အလှစ်ဝင်တိုက်ရာမှ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“မနက်အစောကြီးကပေါ့ ရွှေပန်းကုံးစခန်းသိမ်းတိုက်ပွဲဆင်နွဲခဲ့တာမျိုးပေါ့လေ၊ စခန်းသိမ်းနိုင်လိုက်ပါတယ်။ စခန်းသိမ်းတိုက်ပွဲကတော်တော်ပြင်းပြင်းထန်ထန်ဖြစ်သွားတာတယ်။ ကျွန်တော်တို့ဘက်ကဆွဲလိုက်တဲ့ မိုင်းသံတွေနဲ့ သူတို့ဘက်ကပြန်ပစ်တဲ့ လက်နက်အသံတွေက ဆူညံနေတာပဲ” ဟုပြောသည်။

ထိတွေ့တိုက်ပွဲတစ်နာရီခန့်ကြာဖြစ်ပွားပြီးနောက် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ကလေကြောင်းမှ လေးကြိမ်ထက်မနည်း လာရောက်ပစ်ခတ်ခဲ့ကြောင်း တိုက်ပွဲတွင်ပါဝင်ခဲ့သည့် တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အလောင်းတွေလည်းရလိုက်တယ်၊ အဲ့တာကျွန်တော်တို့ မီးတွေဘာတွေရှို့နေတဲ့အချိန် သူတို့(စစ်ကောင်စီ)က ဂျက်ဖိုက်တာနှစ်စီးလာပစ်တယ်။ တော်တော်လေးကြာတဲ့အချိန် Mil-24 နဲ့လည်း လာပစ်တယ်။ သူတို့အဲ့လိုပစ်ပြီးသွားမှပဲကျွန်တော်တို့ ရှာဖွေရှင်းလင်းရေးဆက်လုပ်ရတာ” ဟုပြောသည်။

အဆိုပါတပ်စခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ ခန့်တပ်စွဲနေထိုင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ခုနှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးအရှင်ဖမ်းမိကာ လက်နက် ၁၂ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လက်ရှိဝက်လက်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြေပြင်တွင် ခြေလျင်စစ်ကြောင်းထိုးခြင်းမရှိဘဲ ရထားဖြင့်သာ စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေကြောင်း ဒေသခံများထံမှသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့ကလည်း ဝက်လက်မြို့နယ်၊ လှတောရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦးသေဆုံးခဲ့သည်။

သတင်း – Dureng

ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ