မြစ်ကြီးနား – မန္တလေးကားလမ်းပိတ်ထားသောကြောင့် မြစ်ကြီးနားမြို့တွင် အခြေခံစားသောက်ကုန်ဈေးနှုန်း အဆမတန်မြှင့်တက်နေပြီး အချို့စားသောက်ကုန်များကို အကန့်အသတ်ဖြင့်သာရောင်းချပေးနေကြောင်း သိရသည်။

အခြေခံစားသောက်ကုန်များအပြင် ကုန်စိမ်းများလည်း ဈေးနှုန်းအဆမတန်မြှင့်တက်နေပြီး ပြတ်လတ်နေသည့် စားသောက်ကုန်များလည်းရှိသည်ဟု မြစ်ကြီးနားမြို့ခံ အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“ကြက်ဥတောင် တစ်ဆိုင်နဲ့တစ်ဆိုင်ဈေးမတူတော့ဘူး၊ မနက်နဲ့ညနေပိုင်းဈေးတောင်ကွာနေပြီ ဆိုင်မှာရှိတာတွေကုန်ရင်တော့ ကုန်ပြီ၊ ရောင်းစရာတွေလည်းမရှိတော့ဘူး။ ကုန်စိမ်းတွေလည်း ဆိုင်ချင်းသာကပ်နေတာ သူလည်းသူ့ဈေး ကိုယ်လည်းကိုယ့်ဈေးနဲ့ရောင်းနေကြတာ။ ဒေသထွက်ကုန်စိမ်းတွေလည်း ဈေးတက်နေတော့ ရှိတာလေးစားပြီးနေကြရုံပေါ့” ဟုပြောသည်။

ကုန်စိမ်းများကို မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အောက်ပိုင်းများမှ အဓိကထားတင်ပို့နေခြင်းဖြစ်ပြီး နိုဝင်ဘာလ ၂၀ ရက်နေ့မှစတင်ကာ လမ်းပိတ်လိုက်သောကြောင့် ငါးနှင့် ပင်လယ်စာများလည်း ရောင်းချရန် ပြတ်လတ်သွားပြီဖြစ်ကြောင်း မြစ်ကြီးနားရေစင်ဈေးမှ ငါးရောင်းချသူတစ်ဦးက ပြောသည်။

“ရန်ကုန်ဘက်ကတင်ရတာ ကားမဝင်တာခုနှစ်ရက်ရှိပြီမို့ ရှိကိုမရှိတော့တာ။ ငါးတွေစပြတ်လာတာတော့ ငါးရက်ရှိပြီ ဒီနေ့တော့ဘယ်လိုမှလုပ်ပေးလို့မရတော့ဘူးလေ လုံးဝပြတ်ကျသွားပြီ ဆိုင်တွေအကုန် ပိတ်ထားရပြီလေ” ဟုပြောသည်။

ဝိုင်းမော်မြို့နယ်ရှိ ငါးမွေးကန်များမှ ငါးများလိုက်လံရှာဖွေနေသော်လည်း ရရှိရန်ခက်ခဲနေပြီး မြစ်ကြီးနားမြို့ရှိ များပြားလှသောစားသုံးသူဦးရေကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ငါးကုန်သည်တစ်ဦးကပြောသည်။

“တက်နိုင်သလောက်ကြိုးစားပေမဲ့ မရနိုင်ဘူး အဆင်မှမပြေတာ။ ဒေသထွက်တွေနဲ့ မွေးမြူရေးကလည်း ကိုယ်လိုချင်တဲ့အရွယ်အစား မရောက်သေးတာတို့ ဖောက်သည်ဈေးမကိုက်တာတွေနဲ့ ငါးအရမ်းသေးနေတာတွေနဲ့ ပြီးတော့ဒီလောက်လေးနဲ့တော့ မြစ်ကြီးနားလူဦးရေနဲ့တော့ ဘယ်လိုမှ လောက်မှာလည်းမဟုတ်ဘူးလေ” ဟုပြောသည်။

မြစ်ကြီးနားမြို့ရှိ ဆိုင်အချို့တွင် ယနေ့ နံနက်ပိုင်းမှ စတင်ကာ ဆန်နှင့် ဆီများကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေကြောင်း သိရသည်။

ယခုတစ်ကြိမ်းကုန်ဈေးနှုန်းမြှင့်တက်ခြင်းသည် ကိုဗစ်ကာလထက် ပိုမိုဆိုးဝါးနေပြီး လက်ရှိမြစ်ကြီးနားမြို့တွင် ခရမ်းချဉ်သီး တစ်ပိဿာ (၁၃၀၀၀) ကျပ်၊ ဂေါ်ဖီထုပ်တစ်ပိဿာ (၁၂၀၀၀) ကျပ်၊ ကြက်ရတစ်ကတ်လျှင် တစ်သောင်းခွဲခန့်၊ ဆီတစ်ပိဿာလျှင် (၁၇၀၀၀) ခန့်နှင့် ဆန်တစ်အိတ်လျှင် တစ်သိန်းကျော်ခန့်ရှိကြောင်း သိရသည်။

မြစ်ကြီးနား – မန္တလေးကားလမ်းရှိ အင်းတော်မြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် လမ်းပိုင်းအချို့ကို နိုဝင်ဘာလ ၁၇ ရက်နေ့မှစတင်ပိတ်လိုက်ခြင်းဖြစ်ပြီး စစ်ရေးအခြေအနေအရ လမ်းပိတ်ချိန် ပိုမိုကြာမြင့်လာနိုင်ကြောင်း ထုတ်ပြန်ထားသည်။

သတင်း – Zami

ဓါတ်ပုံ – (ပုံ – 3) ပုံဟောင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ