မြစ်ကြီးနား – ဆွမ်ပါရာဘွမ်လမ်းမကြီးပေါ်ရှိ နောင်နန်းကျေးရွာအုပ်စုမှ မြစ်ဆုံအထိလမ်းတစ်လျှောက်တွင် ယနေ့နံနက် ၁၁ နာရီခန့်မှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားအများအပြားနေရာယူထားကြောင်း သိရသည်။

နောင်နန်းအုပ်စု ဂျော်ဘွမ်ဆုတောင်းတက်သည့်လမ်းထောင့်ရှိ ကချင်ခရစ်ယာန်ဓမ္မတက္ကသိုလ် (KTCS) ကျောင်းအနီးတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်ကလုံခြုံရေးယူစောင့်နေသည်ဟု ဆယ်မိုင်ကျေးရွာဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“တုန်ဟုန်းကားနှစ်စီး၊ ရိုးရိုးမော်​တော်ကား ဆယ်စီးလောက်နဲ့ အစကတော့ ကျမ်းစာသင်ကျောင်းရှေ့မှာ ခဏနားတယ်။ အဲ့မှာလူငယ်တွေပဲစစ်သားတွေက ဆယ်ယောက်လောက် ချထားတယ်။ ပြီးရင်ပြန်တက်သွားတယ်။ ရွာပြတ်တဲ့နေရာတွေမှာလူချထားတာနေမှာ” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၈၀ ခန့်က အင်ဂျန်းယန်မြို့နယ်ခွဲရှိ စစ်ကောင်စီတပ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ မြစ်ကြီးနားမြို့သို့ဆင်းလာသည်ကို လုံခြုံရေးယူပေးခြင်းဖြစ်နိုင်သည်ဟု ကျန်းခရန်ကျေးရွာဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အင်းဂျန်းယန်ကနေ မနေ့ကဆင်းလာတာဟုတ်တယ်တဲ့။ အခုတော့ ဂွေထော်စက်လှေဆိပ်မှာရောက်နေပြီတဲ့၊ မြစ်ဆုံဘက်ရောက်ပြီလား ဟိုဘက်မှာပဲရှိသေးလားတော့မသိရဘူး။ တချို့ပြောတာတော့ အင်ဂျန်းယန် စစ်ကောင်စီစခန်းတွေကို KIA တွေကိုအပ်ထားလိုက်ပြီးဆင်းလာတယ်လို့ပြောကြတယ်” ဟုပြောသည်။

လက်ရှိအချိန်တွင် လမ်းတစ်လျှောက် စစ်ကောင်စီတပ်ဖွဲ့များလုံခြုံရေးယူထားပြီး အိမ်စီးကားသုံးစီးမှာလည်း ဒွမ်ဂန်ကျေးရွာအတွင်း အတက်အဆင်းပြုလုပ်နေကြောင်း ဒေသခံများထံကသိရသည်။

မြစ်ကြီးနားမြို့နယ် နောင်နန်းကျေးရွာအုပ်စု လမုန်ဇွပ်ကျေးရွာအနီးတွင်လည်း ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်နေ့က အင်အား ၈၀ ခန့်ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များစီးနင်းလာသည့် ကုန်တင်ကားနှစ်စီးကို ကချင်လွတ်မြောက်ရေးတပ် (KIA)က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆယ်မိုင်ကျေးရွာတွင် လက်နက်ကြီး လေးကြိမ်ခန့်ပစ်ခတ်ခဲ့ပြီး လမ်းသွားလမ်းလာများကိုလည်း ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ခဲ့သည်။

သတင်း – Doi Awng

ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ