ခင်ဦးမြို့ ပြည်သူ့ဆေးရုံတွင်တာဝန်ကျသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက်နှင့်တကွ အလင်းဝင်ခဲ့ကြောင်း သိရသည်။

ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်ကာ နိုဝင်ဘာလ ၁၄ ရက်နေ့က အလင်းဝင်ခဲ့ခြင်းဖြစ်သည်ဟု ခင်ဦးမြို့နယ်ပကဖတပ်ဖွဲ့ဝင်တစ်ဦး The 74 Media ကိုပြောသည်။

“ပြည်သူ့ရင်ခွင်တာဝန်ခံဆီမှာ တစ်ခါတည်း ခိုလှုံပြီးဝင်တာဗျာ။ ဝင်တာတော့လေးငါးရက်လောက်တော့ရှိပြီဗျာ။ အဲ့ဆေးရုံမှာလည်း သူတို့(စစ်ကောင်စီ)အင်အားသိပ်မများဘူး” ဟုပြောသည်။

လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာသော စစ်သက် ၁၇ နှစ်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ငွေကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ဝင်တာကတော့ ၁၄ ရက်နေ့ကဝင်တာ ဒီနေ့ကတော့သူ့ကို ဆုငွေတွေချီမြှင့်တာလေ။ အခုသူကပိုက်ဆံယူပြီး ပြန်သွားတာမျိုးတော့ မရှိသေးဘူး လုံခြုံတဲ့နေရာ ခဏပို့ထားရတာပေါ့။ ဒီဘက်ကတော့ စကစတွေရဲ့ လှုပ်ရှားမှုတွေမရှိဘူး၊ တုတ်တုတ်မျှကိုမလုပ်ဘူး ရှိမှန်းတောင်မသိဘူး” ဟုပြောသည်။

အဆိုပါအလင်းဝင်ရောက်လာသူက MA-1 တစ်လက်၊ ကျည်ဘောက်သုံးခုနှင့် ၅.၅၆ ကျည် ၂၃၆ တောင့်ယူဆောင်လာကြောင်း သိရသည်။

လက်ရှိအချိန်တွင် ခင်ဦးမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့ပေါ်ရှိအထိုင်စခန်းများတွင် အင်အားစုကာ စစ်ကြောင်းမထွက်ဘဲ ခံစစ်ပုံစံပြင်ဆင်နေကြကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ အစောပိုင်းကလည်း ခင်ဦးမြို့နယ်ရှိ စစ်ကောင်စီစခန်းသုံးခုမှ တပ်ဖွဲ့ဝင်များက စခန်းကိုစွန့်ပြီး မြို့အတွင်းရှိ တပ်ဖွဲ့ဝင်များနှင့် သွားရောက်ပူးပေါင်းခဲ့သည့်အတွက် တော်လှန်‌ရေးတပ်ဖွဲ့ဝင်များက စခန်းကို အလွယ်တကူသိမ်းပိုက်နိုင်ခဲ့သည်။

သတင်း – Dureng

သင့်ထင်မြင်ချက်ရေးပေးပါ