စစ်ကောင်စီတပ်ဖွဲ့က တပ်စွဲထားသော ဖားကန့်မြို့ရှိ ဘုရားကုန်းအနီးတွင် နေထိုင်သူများကို ယခုလ နိုဝင်ဘာ (၂၅) ရက်နေ့ နောက်ဆုံး ပြောင်းရွှေ့ခိုင်းနေကြောင်းသိရသည်။

ဖားကန့်မြို့၊ အေးမြသာယာအုပ်စု၊ ရှရော်ခကျေးရွာ ကွက်သစ်တွင်နေထိုင်သည့် ဒေသခံပြည်သူများကို အခြားနေရာသို့ရွေ့ပြောင်းနေထိုင်ခိုင်းခြင်းဖြစ်သည်ဟု အသက် (၃၆) နှစ်ခန့်အရွယ်ရှိ ရပ်ကွက်နေအမျိုးသမီးတစ်ဦက The 74 Media ကိုပြောသည်။

“ဘယ်နေရာကိုပြောင်းပေးရမယ် ဆိုပြီးတော့ မပြောသွားဘူးရှင့်။Mask (နှာခေါင်းစည်း)တွေတပ်ထားကြတယ်။ ခါးမှာလည်း လက်ထိပ်တွေနဲ့။ ဘယ်တပ်ရင်းကလဲမေးတော့ မေးစရာမလိုဘူးလို့ပြန်ပြောတယ်” ဟုသူကပြောသည်။

လက်ရှိ ရှရော်ခကွက်သစ်တွင်နေထိုင်နေသူများသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၂) ရက်နေ့က စပျစ်ကူးကျေးရွာရှိ မြေစာပုံအနီးမှ ပြောင်းရွှေ့လာသူများဖြစ်သည်။

အဆိုပါရပ်ကွက်မှာ စစ်ကောင်စီတပ်က တပ်စွဲထားသည့် ဆန်းကြွယ်ဘုရားကုန်းနှင့် အလွန်နီးသောကြောင့် ပြောင်းရွှေ့ခိုင်းခြင်းဖြစ်နိုင်ကြောင်း အသက် (၅၂) နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“ဘယ်အဖွဲ့အစည်းက ပြောင်းခိုင်းတာလဲတော့မသိဘူး။ စစ်တပ်နဲ့အရမ်းနီးကပ်နေတော့ တိုက်ပွဲဖြစ်လာရင် မလွယ်ဘူးဗျ။ ဒါကြောင့်ပြောင်းခိုင်းတာလည်းဖြစ်နိုင်တယ်” ဟုသူကပြောသည်။

ပြောင်းရွှေ့ရန် လာရောက်ပြောဆိုသူ အမျိုးသားနှစ်ဦးမှာ ဆိုင်ကယ်တစ်စီးဖြင့်ရောက်ရှိလာပြီး ခါးတွင်လက်ထိပ်များ ချိတ်ဆွဲထားကာ သေနတ်အတိုများလည်းကိုင်ဆောင်ထားကြောင်း ဒေသခံများကပြောသည်။

ဖားကန့်မြို့နယ်တွင် အောက်တိုဘာလမှစတင်ကာ ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား မကြာခဏထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့ကလည်း စစ်ကောင်စီလက်အောက်ခံ SNA တပ်စခန်းလေးခုကို KIA နှင့် PDF ပူပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၆၅ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

လက်ရှိဆယ်ဇင်ကျေးရွာရှိ ဒေသခံပြည်သူများကို စစ်ကောင်စီတပ်က ဝင်ထွက်သွားလာခွင့်ပိတ်ထားပြီး ကျေးရွာမှထွက်ခွာလိုသူများကိုလည်း ပိုင်ဆိုင်မှုအားလုံးအပြီးအပိုင်စွန့်လွတ်ကြောင်း လက်မှတ်ရေးထိုးခိုင်းခဲ့သည်။

သတင်း – Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ