တီးတိန်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို PDF Zolandမှ သွားရောက်တိုက်ခိုက်သိမ်းပိုက်ချိန် စခန်းစွန့်ခွာထွက်ပြေးသွားသည့် ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးကို ယမန်နေ့ညပိုင်းက ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကလေး – တီးတိန်လမ်းမကြီးပေါ်ရှိ ထွမ်းဗွမ် (ခ) ကနေဒီတောင်ပေါ်ရှိ စစ်ကောင်စီတပ်စခန်းတွင် ယမန်နေ့ နံနက် ၄ နာရီခန့်က သွားရောက်တိုက်ခိုက်နေချိန် ထွက်ပြေးသွားခြင်းဖြစ်သည်ဟု ချင်းဒေသကာကွယ်ရေးအဖွဲ့ PDF Zoland ပြောရေးဆိုခွင့်ရှိသူ Tg Khai Pi က The 74 Media ကိုပြောသည်။

“အလစ်ငိုက်တိုက်ခိုက်တဲ့အချိန် သူတို့ဘက်က သုံးယောက်သေတယ်။ တခြားသူတွေအကုန်ပြေးတဲ့အချိန် ကျွန်တော်တို့ပြန်ပြီး လိုက်ဖမ်းတာပေါ့။ ဗိုလ်ကြီးအဆင့်တစ်ယောက်ပါတယ်ဗျ အားလုံး ၁၂ ယောက်ဗျ။ ကျွန်တော်တို့ ဥပဒေအရဆောင်ရွက်သွားမှာပါ” ဟုဆိုသည်။

ကနေဒီတောင်သည် ချင်းပြည်နယ်အတွင်းရှိ ဒုတိယအမြင့်ဆုံးတောင်တစ်ခုဖြစ်သည့်အပြင် စစ်ရေးအရ အချက်အခြာကျသည့်နေရာဖြစ်သောကြောင့် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။

“တကယ့်အချက်အချာကျတဲ့နေရာပေါ့။ အဲမှာဆိုရင် လက်နက်ပဲဖြစ်ဖြစ် ရိက္ခာပဲဖြစ်ဖြစ်အများကြီးလည်းရှိတယ်။ ကျွန်တော်တို့လည်း အများကြီးသိမ်းပိုက်နိုင်ခဲ့ရတာပေါ့” ဟုဆိုသည်။

စစ်ကောင်စီ ခြေလျင်တပ်ရင်း ခ.လ.ရ (၂၆၆) က အင်အား ၃၀ ခန့်ဖြင့်တပ်စွဲထားသော စခန်းဖြစ်ပြီး နှစ်နာရီခန့်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး‌နောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ ၆၀ မမအမျိုးအစား လက်နက်ကြီးတစ်လက်၊ ဆက်သွယ်ရေးလိုင်းဖြတ် ဂျန်မာ (Jammer) တစ်ခု၊ ၆၀ မမ ကျည်သေတ္တာနှစ်ခုနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု PDF Zoland က ယနေ့နေ့စွဲဖြင့်ထုတ်ပြန်ထားသည်။

ထို့အပြင် အဆိုပါတပ်စခန်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ကနေဒီတောင်ထိပ်တွင် PDF Zoland အလံကို လွှင့်ထူထားခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့ကလည်း ရိခေါဒါရ်မြို့ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်စဉ် ထိုစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၃ ဦး အိန္ဒိယနိုင်ငံသို့ စခန်းစွန့်ခွာထွက်ပြေးခဲ့သည်။

မြန်မာ – အိန္ဒိယနယ်စပ်ရှိ သီးလ်ဘွာစခန်းကိုလည်း နိုဝင်ဘာ ၁၄ ရက်နေ့က CNDF က ဝင်ရောက်သိမ်းပိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦး အိန္ဒိယနိုင်ငံသို့ ထပ်မံထွက်ပြေးခဲ့သည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ