စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို ယနေ့နံနက် သန်းခေါင်ယံ ၁၂ နာရီခွဲခန့်က ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြည်သူ့ဆေးရုံ၊ အထွေထွေအုပ်ချုပ်ရေးရုံး၊ အမှတ် (၁) အထက်တန်းကျောင်းနှင့် ဝန်ထမ်းအိမ်ယာတို့တွင် ပုန်းခိုနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရွှေဘိုခရိုင်ပြည်သူ့ကာကွယ်ရေးတပ်နှင့် ပူးပေါင်းတပ်များ တစ်ချိန်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တိုက်ပွဲတွင်ပါဝင်ခဲ့သည့်တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကို ပြောသည်။

“သူတို့ (စစ်ကောင်စီတပ်ဖွဲ့ဝင်) တွေက အကုန်လုံးပုန်းနေကြတာ။ သူတို့ကပုန်းနေတာဆိုတော့ ထိတွေ့မှုတောင် သိပ်မရှိဘူး။ သူတို့ရှိတဲ့နေရာတွေကို အကုန်ဝင်ပစ်တာ။ ထွက်ပြေးပြီးတော့ ပုန်းနေတာ ဘယ်လိုမှကို ရှာမရဘူး” ဟု ပြောသည်။

အပြန်အလှန်ပစ်ခတ်ချိန် ရွှေဘိုခရိုင်တပ်ရင်း (၉) မှ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးမှုစာရင်းကို အတည်မပြုနိုင်သေးကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“စစ်ကောင်စီတွေ ရှိတဲ့နေရာတွေကို သိမ်းတော့ သိမ်းခဲ့တာပေါ့၊ ဒါပေမဲ့ ပြန်ထိုင်နေတာမျိုးတော့ မဟုတ်ဘူး။ စစ်ကောင်စီသေတာတော့ အတည်မပြုနိုင်ဘူး ဘာလို့လဲဆိုတော့ စဝင်ကတည်း ပစ်ရင်းဆုတ်သွားကြတာ၊ လက်နက်ရော အလောင်းရော ပြန်သယ်သွားတဲ့ပုံစံပေါ့။ တန့်ဆည်မြို့မရဲစခန်းနဲ့နီးတော့ အဲ့ဒီထဲ ပြေးဝင်သွားကြတာ” ဟုပြောသည်။

တိုက်ပွဲတွင်ပါဝင်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်း ရရှိထားသည့်ဒဏ်ရာတွင် သွေးထွက်လွန်သဖြင့် ကျဆုံးသွားသည်ဟု သူက ဆက်ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ပြည်သူ့ဆေးရုံမှ ဆေးဝါးတချို့ကို သိမ်းဆည်းရမိခဲ့ပြီး လက်ရှိအချိန်တွင် တန့်ဆည်မြို့ပေါ်တွင် စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲတွင် အမှတ် – ၁ စစ်ဒေသ၊ ရွှေဘိုခရိုင်ကွပ်ကဲရေး၏ ဦးဆောင်မှုဖြင့် ရွှေဘိုခရိုင် တပ်ရင်း – ၆၊ တပ်ရင်း – ၇၊ တပ်ရင်း – ၈၊ တပ်ရင်း – ၉၊ တပ်ရင်း – ၁၀၊ တပ်ရင်း – ၁၆၊ တပ်ရင်း – ၂၅၊ တန့်ဆည်မြို့နယ်ပကဖ နှင့် ဒေသခံကာကွယ်ရေးတပ်များက ပူးပေါင်းပါဝင်ခဲ့ကြောင်းသိရသည်။

ယမန်နေ့ နံနက် ၁၀ နာရီခန့်ကလည်း တန့်ဆည်မြို့ပေါ်ရှိ နေအိမ်အချို့ကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်နေ့ကလည်း တန့်ဆည်မြို့ပေါ်ရှိ ရွှေဒေါင်းမင်းစစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦး ထက်မနည်းသေဆုံးကာ လက်နက်အများအပြား သိမ်းဆည်းရမိကြောင်းသိရသည်။

သတင်း – Dureng, pan soon
ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ