ကရင်နီပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့များထံသို့ပို့ဆောင်မည့် လက်နက်ခဲယမ်းအမြောက်အများကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီ၏ ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့၊ ပန်မုန့်ကျေးရွာ နေအိမ်ခြံဝင်းအတွင်းရှိ ဂိုထောင်တစ်ခုမှ RPG ဒုံးပစ်လောင်ချာ ၁၂ လက်၊ တရုတ်စက်လက် ၉ လက်၊ Type – 81 မောင်းပြန်ရိုင်ဖယ် ၁၀၉ လက်၊ စုစုပေါင်းလက်နက်မျိုးစုံ အလက် ၁၃၀ အပါအဝင် ခဲယမ်းအမြောက်အများကို နိုဝင်ဘာလ ၁၆ ရက်နေ့က သိမ်းဆည်းရမိကြောင်း ဖော်ပြထားသည်။

ထိုလက်နက်များထဲမှ Type – 81 လက်နက်အမျိုးအစားမှာ အထူးဒေသတစ်ခုမှထွက်လာသည့် လက်နက်ဖြစ်ကြောင်းနှင့် နောက်ကွယ်တွင် တိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲ့များက ထောက်ပံ့ပေးထားခြင်းဖြစ်သည်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။

အဆိုပါလက်နက်ခဲယမ်းများကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ယူနီဖောင်းဝတ်ဆင်ထားသူ ၁၀ ဦးထံမှ လေးကြိမ်ခွဲကာ သွားရောက်သယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဖမ်းဆီးခံခဲ့ရသူများက ဝန်ခံထွက်ဆိုထားကြောင်းနှင့် လက်နက်ခဲယမ်းပို့ဆောင်ပေးမည့်သူများကိုလည်း ဖမ်းဆီးရမိကြောင်း စစ်ကောင်စီ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်နက်ခဲယမ်းများအပြင် Canter အမျိုးအစား ခြောက်ဘီးယာဉ် ၃ စီး၊ Ford အမျိုးအစား မော်တော်ယာဉ် ၁ စီးနှင့် Vigo အမျိုးအစားမော်တော်ယာဉ်တစ်စီးတို့ကိုဖမ်းဆီးရမိခဲ့ကြောင်းဖော်ပြထားပြီး ကယားပြည်နယ်ဘက်သို့ ပို့ဆောင်ရန်စီစဉ်နေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ကရင်နီပြည်တွင် ၁၁၁၁ စစ်ဆင်ရေးစပြီး ပထမနေ့တွင် KNDF တပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်စခန်း ၇ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်သကဲ့သို့ လက်နက်အများအပြားသိမ်းဆည်းရမိကာ တိုက်လေယာဉ်တစ်စီး ပစ်ချနိုင်ခဲ့ပြီး လက်ရှိအချိန်တွင်လည်း မြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိသည်။

သတင်း – Thu Ta

ပုံ – စစ်ကောင်စီက ဖမ်းဆီးရမိသော လက်နက်ခဲယမ်းများကို တွေ့ရစဉ်။

သင့်ထင်မြင်ချက်ရေးပေးပါ