ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မုံးယားဒေသရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ယနေ့ ညနေ ၅ နာရီခွဲခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA) က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့်တပ်စွဲထားသည့် မန်ဖာကျေးရွာရှိ တပ်စခန်းကို KIA တပ်မဟာ ၆၊ တပ်ရင်း (၃၆) တပ်ဖွဲ့ဝင်များ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ လက်နက်ချအလင်းဝင်ခဲ့သည်ဟု မူဆယ်မြို့နေ KIA နှင့် နီးစပ်သူတစ်ဦးက The 74 Media ကို ပြောသည်။

“အရင်တစ်ခေါက် KIA တွေ စခန်းသိမ်းထားတဲ့ ဝိန်းလာတောင်ရဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ စခန်းပေါ့။ ခဏလေးပဲ ပစ်ခတ်ကြပြီး သိမ်းလိုက်နိုင်တယ်လို့ပြောတယ်။ အဲ့ဒီစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း လက်မြောက်ပြီး ထွက်လာတယ်လို့ပြောတယ်။ အသေအပျောက်စာရင်းတော့ မသိရသေးဘူး” ဟုပြောသည်။

အဆိုပါတပ်စခန်းတွင် မုံးကိုးကျေးရွာအရှေ့ဘက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ တပ်စွဲနေထိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်နေ့ကလည်း မူဆယ်မြို့နယ်၊ မုံးကိုးနှင့် မုံးပေါ်ဒေသကြားရှိ မဟာဗျူဟာကျသည့် ဝိန်းလာတောင်စစ်ကောင်စီတပ်စခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တပ်စွဲနေထိုင်လျက်ရှိသည်။

သတင်း – Pan Soon

သင့်ထင်မြင်ချက်ရေးပေးပါ