ရက္ခိုင့်တပ်တော် (AA) က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ စစ်ကောင်စီ နယ်ခြားစောင့်တပ်စခန်းတစ်ခုကို ယနေ့ မွန်းလွှဲ ၁ နာရီခန့်က ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီ၏ ဒုံးညိုနယ်ခြားစောင့်တပ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ချအညံ့ခံရန် ပြောဆိုထားသော်လည်း အညံ့မခံသောကြောင့် ယမန်နေ့ နံနက် ၁၀ နာရီခန့်က စတင်ထိုးစစ်ဆင်တိုက်ခိုက် ခဲ့ရာမှ ယနေ့နေ့လယ်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း Three Brotherhood Alliance ကထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူနှင့် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သော်လည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး စစ်သုံ့ပန်း ၁၈ ဦး၊ လက်နက်အလက် ၄၀ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

လက်နက်ချအညံ့မခံသည့် တပ်စခန်းများကိုလည်း တစ်ခုပြီး တစ်ခု ဆက်လက်သိမ်းပိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

ပေါက်တောမြို့ရှိ မြို့မရဲစခန်းကိုလည်း ယမန်နေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ