အင်းတော်မြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များက မြစ်ကြီးနား – မန္တလေးကားလမ်းပိုင်းကို သုံးရက်မှ ငါးရက်အထိ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားမည်ဖြစ်ကြောင်းသိရသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များက ထိန်းချုပ်ထားသည့် လမ်းပိုင်းများကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ပိတ်ထားခဲ့ခြင်းဖြစ်ပြီး စစ်ရေးအခြေအနေမူတည်ကာ လမ်းပိတ်ချိန် ပိုမိုကြာမြင့်နိုင်သည်ဟု EAO ထောက်လှမ်းရေးအရာရှိတစ်ဦးက The 74 Media ကို ပြောသည်။

“အင်းတော်မြို့ အရှေ့၊ အနောက်၊ တောင်မြောက် ဘယ်ကထွက်ထွက် အကုန်လုံးကတော့ ကိုယ့်ဂိတ်တွေကြီးပဲ။ ဒါက မန္တလေး – မြစ်ကြီနားကားလမ်းကြီးလေ။ ငါးရက်ကျော်ရင်တော့ စစ်ရေးအရ အခြေနေပေါ်မှာပဲ မူတည်မှာပေါ့။ တစ်ဖက်က စစ်ရေးလှုပ်ရှားလာရင်တော့ ဖွင့်မှာမဟုတ်ဘူးလေ” ဟုဆိုသည်။

အင်းတော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဖြတ်သန်းသွားလာခွင့်ပိတ်ခဲ့ပြီးနောက် စစ်ကောင်စီက ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ်ရှိ နန့်စီးအောင်စုပေါင်းဂိတ်နှင့် မြစ်ကြီးနား – နမ္မတီး လမ်းပေါ်ရှိ ၂၁ မိုင်ဂိတ်တို့ကို ဖြတ်သန်းခွင့်မပြုတော့ကြောင်း ခရီးသည်တင်ယာဉ်လိုင်းတစ်ခု၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီ(မြစ်ကြီးနား) ကနေပြီးတော့ နှစ်လမ်းရှိတယ်။ အဲဒီနှစ်လမ်းလုံးပိတ်ထားတာ။ အဲဒါပြီးတော့ ၂၁ မိုင် ကနေစပြီးတော့ ပိတ်တာ။ အခုတော့ ကားကြီးတွေရော ကားသေးတွေရောအကုန်လုံးနားထားတယ်” ဟုဆိုသည်။

ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားသည့် လမ်းပိုင်းအတွင်းရှိ ကျေးရွာဒေသခံများကို ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း သိရသည်။

အင်းတော်မြို့နယ်အတွင်းရှိ လမ်းပိုင်းများကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားခြင်းကြောင့် မြစ်ကြီးနား – မန္တလေး၊ မန္တလေး – ဖားကန့် ခရီးစဉ်များအားလုံး ရပ်နားထားရကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့ကလည်း ထီးချိုင့်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်နေသောကြောင့် အင်းတော် – ထီးချိုင့် – တကောင်း လမ်းပိုင်းကို စစ်ရေးအရ ယာဉ်ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ထုတ်ပြန်ကြေညာခဲ့ပြီး ထွက်ပြေးတိမ်းရှောင်လိုသည့် ဒေသခံအိမ်စီးကားများကို ဖြတ်သန်းခွင့်ပေးခဲ့သည်။

သတင်း – Thu Ta

ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်။ (ပြီးခဲ့သည့် ဩဂုတ်လက အင်းတော်မြို့နယ် နဘားလမ်းဆုံတွင် KIA၊ PDF ပူးပေါင်းတပ်များကိုတွေ့ရစဉ်)

သင့်ထင်မြင်ချက်ရေးပေးပါ