ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကျားချောင်းရွာက စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ – ၃၅၁ တပ်စခန်းကို ယနေ့နံနက်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)တို့ ပူးပေါင်းသိမ်းပိုက်ခဲ့ကြောင်း သိရသည်။

မိနစ် ၂၀ ခန့် တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်က အထိခိုက်အကျဆုံးများသောကြောင့် စခန်းကို စွန့်ခွာထွက်ပြေးချိန်တွင် သိမ်းပိုက်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးမှုကို အတိအကျမသိရသော်လည်း စခန်းအတွင်းမှ ၆၀ မမ ၁လက်၊ ၆၀ မမ ဗုံးသီး ၅၂ လုံး၊ Jammer တစ်ခု၊ စကားပြောစက်အကြီး တစ်လုံး၊ အီနာဂါ ၁၃ လုံး၊ လက်ပစ်ဗုံး ၂၀လုံး၊ RPGဗုံးသီး ၂၂လုံး၊ RPG ပို့ယမ်း ၁၆ခု၊ တင့်ဖျက် ၃ခု၊ ၄၀ မမဗုံးသီး ၁၂လုံး၊ မြေမြှုပ်မိုင်း ၉လုံး နှင့် ၅.၅၆ ကျည် ၁၁၂၈ တောင့်တို့ကိုသိမ်းဆည်းရမိကြောင်းသိရသည်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA )သည် စစ်အာဏာရှင်အမြစ်ဖြတ်နိုင်ရေးအတွက် တောင်ပိုင်း အမှတ်(၁၀၇)စစ်ဒေသနှင့် မြောက်ပိုင်း အမှတ်(၂၀၃)စစ်ဒေသတို့တွင် မဟာမိတ်တပ်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်နေကြောင်းသတင်းထုတ်ပြန်ထားသည်။

ညီနောင်မဟာမိတ်များဖြစ်ကြသော ကိုးကန့် (MNDAA)၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် (PSLF/TNLA)နှင့် ရက္ခိုင့်တပ်တော် (AA)တို့က “၁၀၂၇” စစ်ဆင်ရေး စတင်ခဲ့သည့်အချိန်မှ ယနေ့အထိ ၂၁ ရက်အတွင်း စစ်ကောင်စီ၏ တပ်စခန်း အကြီးအသေး စုစုပေါင်း ၁၅၀ ကျော်သိမ်းပိုက်ထားကြောင်းသိရသည်။

သတင်း – Dureng

ပုံ – BPLA

သင့်ထင်မြင်ချက်ရေးပေးပါ