စစ်ကောင်စီကတပ်စွဲထားသည့် တနိုင်းမြို့နယ်၊ တရုံကျေးရွာရှိ တပ်စခန်းက ယမန်နေ့ည ၁၀ နာရီခန့်မှစတင်ကာ အနီးပတ်ဝန်းကျင်သို့ လက်နက်ကြီး၊ လက်နက်ငယ်များ အကြိမ်ပေါင်းများစွာပစ်ခတ်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တစ်နာရီခန့်ကြာ တစ်ဖက်သတ်ရမ်းသမ်းပစ်ခတ်နေခဲ့ခြင်းဖြစ်သည်ဟု တရုံကျေးရွာနေ ဈေးသည်တစ်ဦးက The 74 Media ကို ပြောသည်။

“စစ်တပ်က သူတို့ဖာသာပစ်နေတာ တိုက်ပွဲလည်း မဖြစ်ဘဲနဲ့။ ၁၀ နာရီလောက်ကနေ စပစ်တာ ၁၁ နာရီခွဲထိ ပစ်တာ။ ရွာသားတွေကို ခြောက်နေတာလား၊ သူတို့ဖာသာ ကြောက်ပြီးပစ်နေတာလားတော့ မသိဘူး” ဟု ပြောသည်။

တရုံကျေးရွာအဝင် တံတားအနီးရှိ စစ်ကောင်စီတပ်စခန်းက ညစဉ် သေနတ်ပစ်ဖောက်လေ့ရှိသော်လည်း ယမန်နေ့ညက လက်နက်ကြီးပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တရုံကျေးရွာနေ လယ်သမားတစ်ဦးက ပြောသည်။

“ခါတိုင်းလည်း သူတို့(စစ်ကောင်စီတပ်)က ပစ်နေတာပဲ၊ ဒါပေမဲ့ မနေ့ညကတော့ လက်နက်ကြီးလည်းထုတယ် သေနတ်လည်းဖောက်တယ်။ ရွာထဲပြည်သူထိတာတော့ မရှိပါဘူး။ အဝေးကြီးကို ပစ်တာဆိုတော့။ တရုံမှာတော့ ဘာမှမဖြစ်ဘူး၊ KIA တွေ စခန်းသိမ်းတယ်လို့လည်း မကြားဘူးနော်” ဟုပြောသည်။

အဆိုကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA)က ယမန်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဆိုသည့်သတင်းမှာ မမှန်ကန်ကြောင်း အသက် ၄၄ နှစ်အရွယ် တရုံဒေသခံအမျိုးသားက အတည်ပြုပြောဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း တနိုင်းမြို့နယ်၊ နန်ဖြတ်ယာန်ကျေးရွာရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ခ.မ.ရ (၃၉၀) တပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA)က သွားရောက်တိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူများ ခေတ္တထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

သတင်း – Pan Soon

သင့်ထင်မြင်ချက်ရေးပေးပါ