ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တပ်စခန်းတစ်ခုကို သိမ်းပိုက်နိုင်သကဲ့သို့ စစ်ကောင်စီလေယာဉ်မှ ချပေးသော လက်နက်ခဲယမ်းများနှင့် ဆေးဝါးပါ သေတ္တာ ၁၃ လုံးကိုသိမ်းဆည်းရမိကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့နေ့စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) တပ်မဟာ (၁) စစ်ဒေသရှိ နမ့်ခမ်းမြို့နယ်၊ နောင်အင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ယနေ့‌ နံနက် ၁၁ နာရီခန့်က သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။

ထိုအပြင် လားရှိုးမြို့နယ်၊ မိုင်းကျက်တပ်စခန်းရှိ စစ်ကောင်စီတပ်များအတွက် ထောက်ပို့လေယာဉ်ဖြင့် ချပေးသော လက်နက်ခဲယမ်းများနှင့် ဆေးဝါးများပါဝင်သော သေတ္တာ ၁၃ လုံးကို ကြားဖြတ်ပစ်ခတ်သိမ်းယူနိုင်ခဲ့ကြောင်း ဓါတ်ပုံများနှင့်တကွဖော်ပြထားသည်။

မူဆယ်မြို့နယ်၊ ကျင်စန့်ကျော့လမ်းခွဲတွင် ယနေ့ နံနက် ၁၁ နာရီခွဲခန့်က စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြောက်ပိုင်းညီနောင်အဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း ယမန်နေ့အထိ စစ်ကောင်စီတပ်စခန်း ၁၅၀ ခန့် သိမ်းပိုက်ထားကြောင်းသိရသည်။

သတင်း – Dureng
ပုံ – PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန

သင့်ထင်မြင်ချက်ရေးပေးပါ