ကလေးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းလေးခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ် ၁ စစ်ဒေသက ယနေ့နေ့စွဲဖြင့်ထုတ်ပြန်ထားသည်။

ကလေးမြို့ မြောက်စည်းရွာရဲစခန်း၊ နန်းကျဉ်းဆောင်ရွာအနီးရှိ ရာ – ၂ အကျဉ်းဦးစီးစခန်း၊ ရာ – ၁ အကျဉ်းဦးစီးစခန်းနှင့် ရာဇဂြိုလ်လမ်းခွဲ(တပ်ကုန်း) စခန်း တို့ကို နိုဝင်ဘာလ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ ငါးရက်အတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟုဖော်ပြထားသည်။

စစ်ကောင်စီတပ်သားနှင့် ရဲတပ်ဖွဲ့ဝင် အင်အား ၄၃ ဦးခန့်က အမာခံဘန်ကာများဖြင့် အထိုင်ချကာခုခံနေသော မြောက်စည်းရွာရဲစခန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်များက နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၄ နာရီခွဲခန့်မှစတင်ကာ သုံးကြိမ်တိုင် ဝင်ရောက်တိုက်ခိုက်ခဲ့ရပြီးနောက် နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၅ နာရီ အချိန်ခန့်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ရဲတပ်ဖွဲ့ဝင်အင်အား ၂၅ ဦးခန့်ဖြင့်တပ်စွဲထားသည့် နန်းကျဉ်ဆောင်ရွာအနီးရှိ ရာ – ၂ အကျဉ်းဦးစီးစခန်းကို နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၂ နာရီခွဲအချိန်တွင် အလစ်ငိုက်ပစ်ခတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကာကွယ်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ရရှိထားသည့် ရာ – ၂ အကျဉ်းဦစီးစခန်းကို နိုဝင်ဘာလ ၄ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၆၀ ကျော်ဖြင့် ပြန်လည်ထိုးစစ်ဆင်လာခဲ့ရာမှ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီခြေမြန်တပ်ရင်း ခ.မ.ရ (၃၆၃) မှ ဗိုလ်ကြီးတစ်ဦး အပါအဝင် ၆ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူနှင့် ဖမ်းဆီးရမိခဲ့သူများလည်းရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုဝင်ဘာလ ၆ ရက်နှင့်် ၇ ရက်နေ့တို့တွင် ကလေးမြို့နယ် ရာ – ၁ အကျဉ်းဦးစီးစခန်းနှင့်် ရာဇဂြိုလ်လမ်းခွဲ (တပ်ကုန်း) စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး နယ်မြေရှင်းလင်းမှုများပါ ပြုလုပ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲများတွင် ကာကွယ်ရေးပူးပေါင်းတပ်များက လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိခဲ့ပြီး တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ၉ ဦးကျဆုံးခဲ့ကြောင်း သိရသည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ