စစ်ကိုင်းတိုင်း ပုလဲမြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် မြို့မရဲစခန်းတို့ကို ယနေ့နံနက် ခုနှစ်နာရီခန့်က ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မြို့မရဲစခန်းနှင့် အထွေထွေအုပ်ရေးမှူးရုံးတို့ကို သိမ်းပိုက်ရန် ခြောက်နာရီခွဲခန့်အကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သော်လည်း စစ်ကောင်စစ်တပ်က မြေပြင်စစ်ကူသာမက လေကြောင်းစစ်ကူများရောက်လာသောကြောင့် ဆုတ်ခွာခဲ့ရကြောင်း ကျားသစ်နက်တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူကိုဥက္ကာက The 74 Media ကိုပြောသည်။

“စခန်းကိုသိမ်းနေချိန်မှာ ဆားလင်းကြီးမြို့နယ် ကျားတက်ကျေးရွာမှာ တပ်စွဲထားတဲ့ သူတို့ဖက်က စစ်ကူတွေရောက်လာလို့ လက်လွှတ်ခဲ့ရတယ်။ လေကြောင်းပစ်ကူလည်း လာတယ်ဗျ။ တံတားဦးဖက်က တက်လာတာ။ ဒါပေမဲ့ ပစ်မသွားဘူး။ စစ်ဆင်ရေး လုပ်နေတဲ့နေရာအနီးမှာ ဝိုက်ပတ်ပြီးပြန်သွားတယ်”ဟုပြောသည်။

မြို့မရဲစခန်းကို ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုကံကောင်းဆိုသူနှင့် ကိုကိုနိုင်ဆိုသူတို့ နှစ်ဦးအပါအဝင် ခုနှစ်ဦးသေဆုံးသွားကြောင်း တပ်တွင်းသတင်းပေးများထံမှသိရပြီး အထွေထွေအုပ်ချုပ်ရေးမှူးရုံးတိုက်ခိုက်မှုတွင် အထိခိုက်အကျဆုံးမသိရသေးဘဲ ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်းသူကပြောသည်။

အဆိုပါတိုက်ပွဲကို ယင်းမာပင်ခရိုင်တပ်ရင်း (၁၁) (ကျားသစ်နက်တပ်မတော်)က ဦးဆောင်ပြီး ပခုက္ကူခရိုင်မမှတ် (၁၅)တပ်ရင်း (ကျားသစ်နက်တပ်မတော်)၊ ပခုက္ကူခရိုင်အမှတ် – ၁၄တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် – ၁၇ တပ်ရင်း တပ်ခွဲ -၂ (သံမဏိသိန်းငှက်တပ်ဖွဲ့)၊ ယင်းမာပင်ခရိုင်တပ်မဟာ စစ်ကြောင်းနှင့် PCL (LDF) မြိုင်၊ နဂါးနီအထူးတိုက်ခိုက်ရေးတပ်ဖွဲ့(မြိုင်)၊ ယင်းမာပင်ခရိုင်တပ်ရင်း – ၁၇၊ ယင်းမာပင်ခရိုင်တပ်ရင်း -၂၉ စသည့်မဟာမိတ်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း ပုလဲမြို့မှ ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်သား ကိုးဦးသေဆုံးကာ လေးဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

သတင်း – Dureng

ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ