စစ်ကောင်စီတပ်ဖွဲ့ဝင်များစီးနင်းလာသည့် ကုန်တင်ယာဉ်နှစ်စီး ယမန်နေ့ နံနက် ၁၁ နာရီခန့်က မြစ်ကြီးနား – ဗန်းမော်လမ်းရှိ ဝိုင်းမော်မြို့နယ် ဂါးရာယန်ကျေးရွာအနီးတွင် ကချင်လွတ်မြောက်ရေးတပ် (KIA) က တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူများရှိကြောင်း သိရသည်။

ရွှေညောင်ပင်ကျေးရွာရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခ.မ.ရ) ၃၂၁ မှထွက်လာသည့် အင်အား ၃၀ ခန့်ပါရှိသော ကားနှစ်စီးကို ဂါးရာယန်ကျေးရွာအဝင် ခဝန်ကောင်အနီးတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KIA အရာရှိတစ်ဦးက The 74 Media ကိုပြောသည်။

“ဂါးရာယန်အဝင်မှာကြားဖြတ်ပြီး လက်နက်ကြီးနဲ့တိုက်ခိုက်ခဲ့တာ။ ကဇူးယန်မှာရောက်တော့ အလောင်းတွေ ထုတ်နေတာကို ဒေသခံတွေတွေ့ရတယ်တဲ့။ စစ်ကောင်စီတွေသေတာက သုံးယောက်လို့ပြောတယ်။ ပိုရင်လည်း ပိုနိုင်တယ်။ တခြားထိခိုက်ဒဏ်ရာရတာလည်းအများကြီးပါမှာ” ဟုပြောသည်။

အဆိုပါကားပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်နှင့် ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့ကပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နေရာသို့ ရောက်ရှိလာပြီး အနီးပတ်ဝန်းကျင်သို့ ညနေ ၄ နာရီခန့်အထိ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ကဇူယန်ကျေးရွာဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“ပစ်ခံရတဲ့နေရာကိုပြန်လာတယ်။ ရွှေမင်းအဖွဲ့တွေလည်းပြန်လာပြီး နေရာတကာလိုက်ပစ်နေတယ်။ ကဇူးယန်စခန်းကိုသူတို့ရောက်လာတော့ ကားတာယာတွေလည်းတော်တော်ပျက်စီးသွားပြီ၊ ကားထဲက အလောင်းတွေလည်းပါတယ်။ ဒဏ်ရာရတွေလည်းအများကြီးဟုတ်တယ်။ အတိအကျတော့ဘယ်သိမလဲ” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးသည့် အရေအတွက်နှင့် ပတ်သက်ပြီး The 74 Media က သီးခြားအတည်ပြုနိုင်ရန်ကြိုးစားနေဆဲဖြစ်သည်။

ကဇူးယန်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညတိုင်းနီးပါး လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်လေ့ရှိပြီး ဒေသခံများကိုလည်း ထွက်ပြေးလျှင် ရွာအနှံ့မိုင်းထောင်ထားပေးမည်ဟု ခြိမ်းခြောက်ပြောဆိုထားကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့ကလည်း စစ်ကောင်စီခြေမြန်တပ်ရင်း ခ.မ.ရ (၃၂၁) ရွှေညောင်ပင်စခန်းကို ကချင်လွတ်မြောက်ရေးတပ် KIA တပ်ရင်း (၃) က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က အနီးပတ်ဝန်းကျင်သို့ လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့သည်။

သတင်း – Doi Awng

သင့်ထင်မြင်ချက်ရေးပေးပါ