တိုက်ပွဲပြင်းထန်နေသောကြောင့် လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်းများကို ကရင်နီပြည်တော်လှန်ရေးတပ်ပေါင်းစုများက ဘေးလွတ်ရာသို့ ကယ်ထုတ်ပေးခဲ့ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်း ၁၃၄ ဦးနှင့် မိသားစုဝင် ၆၄ ဦးတို့ကို တိုက်ပွဲပြင်းထန်သောကြောင့် အသက်အန္တရာယ်လွတ်ကင်းရာသို့ ကယ်ထုတ်သွားခဲ့ခြင်းဖြစ်သည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က The 74 Media ကိုပြောသည်။

“ဒီလိုပါဗျာ လွိုင်ကော်တက္ကသိုလ်မှာက တိုက်ပွဲလည်းဖြစ်နေတယ်၊ အန္တရာယ်များတယ်ပေါ့၊ ပြီးရင်သူတို့ကလည်း ဘယ်သွားလို့သွားရမှန်းမသိဘူး။ စစ်ကောင်စီဘက်ကလည်း လာခေါ်တာမျိုးမရှိဘူး၊ ဒါ့ကြောင့်အဲ့မှာဆက်နေရင် အသက်အန္တရာယ်ထိခိုက်မှုတွေရှိလာနိုင်တယ်။ ဒါ့ကြောင့်တော်လှန်ရေးတပ်ပေါင်းစုံက ဘေးလွတ်ရာကိုခေါ်ထုတ်သွားခြင်းမျိုးဖြစ်ပါတယ်” ဟုပြောသည်။

အဆိုပါတက္ကသိုလ်မှ ပါမောက္ခချုပ် သတ်ဖြတ်ခြင်းခံရသောသတင်းနှင့် Non-CDM များကို တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟုသော သတင်းသည်သတင်းအမှားသာဖြစ်ကြောင်း သူကဆက်ပြောသည်။

“လူသားဒိုင်းအနေနဲ့ခေါ်သွားဖို့လည်းမဟုတ်ဘူး။ ကျွန်တော်တို့ဖမ်းဆီးသွားတာမျိုးလည်း မဟုတ်ပါဘူး။ အဓိကကတော့ သူတို့ရဲ့ အသက်အန္တရာယ်ထိခိုက်မှာစိုးလို့ ခေါ်ထုတ်သွားတဲ့သဘောပေါ့။ လွိုင်ကော်တက္ကသိုလ်ပါချုပ်ကလည်း ဘေးကင်းကင်းလုံလုံခြုံခြုံ ကျန်းကျန်းမာမာနဲ့ရှိနေပါတယ်ဗျာ။ အသတ်ခံရတယ်၊ နှိပ်စက်ခံရတယ်ဆိုတာ လုံးဝသတင်းအမှားပါဗျာ” ဟုပြောသည်။

လက်ရှိအချိန်တွင် လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်းများနှင့်မိသားစုဝင်များကို ဘေးကင်းလုံခြုံသောနေရာတွင် တော်လှန်ရေးအင်အားစုများက စောင့်ရှောက်ထားပြီး အစားအသောက်များလည်း ကျွေးမွေးထားကြောင်းသိရသည်။

လွိုင်ကော်တက္ကသိုလ်မှ ဝန်ထမ်းများကို PDF များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက  စစ်ကောင်စီဝါဒဖြန့် သတင်းဌာနများကိုဖြေကြားထားသည်။

အဆိုပါ Non-CDM များကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)မှ ရေးသားပြုစုထားသော CDM နိုင်ငံ့ဝန်ထမ်းဆိုင်ရာ မူဝါဒစာတမ်းပါ Non-CDM ဆိုင်ရာပြဋ္ဌာန်းချက်များနှင့် လူ့အခွင့်အရေးတို့ကို အခြေခံပြီး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကရင်နီပြည်တွင် ၁၁၁၁ စစ်ဆင်ရေးစပြီး ပထမနေ့တွင် စစ်ကောင်စီတပ်စခန်း ခုနှစ်ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်သကဲ့သို့ လက်နက်အများအပြားသိမ်းဆည်းရမိကာ တိုက်လေယာဉ်တစ်စီးပစ်ချနိုင်ခဲ့ပြီး လက်ရှိအချိန်တွင်လည်း မြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်းသိရသည်။

သတင်း – Dureng

ပုံ – IEC

သင့်ထင်မြင်ချက်ရေးပေးပါ