ကရင်နီပြည်နယ် လွိုင်ကော်တက္ကသိုလ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်မ (၆၆) လက်အောက်ခံ ခ.မ.ရ (၄၂၅) နှင့် ခ.မ.ရ (၆) တပ်ရင်းတို့ကို KNDF က အပြီးသတ်ချေမှုန်းလိုက်ပြီး ကျန်ရှိနေသော တပ်ဖွဲ့ဝင် ၃၂ ဦးလက်နက်ချခဲ့ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

လွိုင်ကော်တက္ကသိုလ်ဝင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KNDF တပ်ဖွဲ့ဝင်များက နိုဝင်ဘာလ (၁၃) ရက်နေ့ တစ်ရက်လုံး တိုက်ခိုက်ခဲ့သဖြင့် ခ.မ.ရ (၄၂၅) တပ်ရင်းမှူး၊ ဒု-တပ်ရင်းမှူးအပါအဝင် တပ်ရင်းတစ်ခုလုံးနီးပါးသေဆုံးခဲ့ပြီး ခ.မ.ရ (၆) မှ တစ်ဝက်နီးပါး သေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုဝင်ဘာ ၁၄ ရက်နေ့တွင် လွိုင်ကော်တက္ကသိုလ်ရှိ ကျန်ရှိအင်အားများကို လက်နက်ချရန်တိုက်တွန်းခဲ့သဖြင့် ခ.မ.ရ (၆) မှ တပ်ခွဲမှူး ကောင်းမြတ်ကိုဦးစီးသော စစ်ကောင်စီတပ်သား (၃၂) ဦးလက်နက်ချခဲ့သည်ဟု သိရသည်။

“၁၁.၁၁ စစ်ဆင်ရေး” ၏ အစိတ်အပိုင်းတစ်ခုအဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သုံ့ပန်း (၃၈) ယောက်၊ လက်နက်ကြီးနှင့် လက်နက်ငယ်မျိုးစုံ ၁၂၈ လက်အပြင် ခဲယမ်းပစ္စည်းများကို သိမ်းဆည်းရမိသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

လက်နက်ချသည့် စစ်သုံ့ပန်းများကို KNDF ၏ စစ်ဖက်ဆိုင်ရာအက်ဥပဒေနှင့် သုံ့ပန်းဆိုင်ရာမူဝါဒများအတိုင်း ခံစားခွင့်ပေးထားသည်ဟုလည်း ဖော်ပြထားသည်။

သတင်း – Hkashi

ဓာတ်ပုံ – KNDF

သင့်ထင်မြင်ချက်ရေးပေးပါ