ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့ရှိ စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း (ခ.လ.ရ) ၁၂၃ အထိုင်တပ်ရင်းကို KIA က တိုက်ခိုက်သိမ်းပိုက်လိုကကြောင်း သိရသည်။

ခ.လ.ရ ၁၂၃ စခန်းကို နိုဝင်ဘာလ ၁၂ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တစ်ရက်အကြာတွင်သိမ်းပိုက်နိုင်ခဲ့သည်ဟုရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“စကစအထိုင်စခန်းပါ။ ခဲယမ်းလက်နက်တွေကတော့ အများကြီးပဲ။ ၆၀ မမ စိန်ပြောင်းတွေ၊ ဒရုန်းတွေနဲ့ သေနတ်တွေ အများအပြားသိမ်းမိတယ်။ ရန်သူ့စခန်းကို အပြောင်းရှင်းလိုက်နိုင်တယ်လို့ ဆိုရမယ်” ဟုဆိုသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ထက်မနည်း သေဆုံးကြောင်း သိရပြီး စစ်ကောင်စီတပ်အသုံးပြုသည့် သေနတ်များ၊ အပေါ့စားစက်သေနတ်များ၊ စိန်ပြောင်းများ၊ ဗုံးသီးများ၊ ကျည်ဆံများအပြင် ဆက်သွယ်ရေးစက်နှင့် ဒရုန်းများကို သိမ်းဆည်းရမိခဲ့သည်။

စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲတွင် KIA တပ်မဟာ (၆) တပ်ရင်း (၉)၊ တပ်ရင်း (၃၆)၊ တပ်ရင်း (၃၈) အပြင် KPDF များလည်း ပါဝင်တိုက်ခိုက်ခဲ့ပြီး KIA တပ်ဖွဲ့ဝင်အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသော်လည်း အသေးစိတ်အချက်အလက်များကို အတည်မပြုနိုင်ပါ။

လွန်ခဲ့သည့် အောက်တိုဘာလ ၃၀ ရက်ညနေပိုင်းကလည်း နမ္မတူမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း (ခ.မ.ရ) ၃၂၄ ၏ ထောက်ပို့စခန်းတစ်ခုကို KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

သတင်း – Hkashi

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ