ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ် စခန်းသုံးခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ သတင်းထုတ်ပြန်ထားသည်။

ကွတ်ခိုင်မြို့နယ်နှင့် တန်ယန်းမြို့နယ်ရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်စခန်း စုစုပေါင်း သုံးခုကို နိုဝင်ဘာလ ၁၀ ရက်နေ့နှင့် ၁၄ ရက်နေ့တို့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ကွတ်ခိုင်မြို့နယ်ရှိ ရှောက်ဟော်ပြည်သူ့စစ်စခန်းကို နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၁၂ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ပြီး နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်တွင် ကွတ်ခိုင်မြို့နယ်၊ လွယ်ကန်ကျေးရွာရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအထိုင်ချထားသည့် စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် တန့်ယန်းမြို့နယ်ရှိ စစ်ကောင်စီ ဆိုင်လျံတပ်စခန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး ထိုနေ့က ကွတ်ခိုင်မြို့နယ်ရှိ မုံးဟွမ် ပြည်သူ့စစ်အဖွဲ့နှင့် မုံးပေါ်ပြည်သူ့စစ်အဖွဲ့ နှစ်ဖွဲ့မှလည်း TNLA ထံ စုစုပေါင်း လက်နက် ၁၀ လက် လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ် နောင်ပြစ်ကျေးရွာလမ်းခွဲတွင် ယနေ့ နံနက် ၅ နာရီအချိန်ကလည် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားနေကြောင်းသိရသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့အထိ မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်း ၁၄၀ ထက်မနည်း သိမ်းပိုက်ထားကြောင်းသိရသည်။

သတင်း – Dureng

ပုံ –  PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန

သင့်ထင်မြင်ချက်ရေးပေးပါ