ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ခြောက်ရက်အတွင်း ကလေးသူငယ်များ အပါအဝင် ဒေသခံပြည်သူ ၁၀၀ ကျော်သေဆုံးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့မှစတင်ကာ မြို့တွင်းတိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ပြီး နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူ ၁၀၀ ကျော်သေဆုံးခဲ့သည်ဟု ထီးချိုင့်မြို့နယ် သတင်းမှန်ပြန်ကြားရေးတာဝန်ခံက The 74 Media ကို ပြောသည်။

“အိမ်မှာပုန်းနေကြတဲ့သူတွေလည်းသေကြတယ်။ သေဆုံးသူအများစုကတော့ ဘယ်သူဘယ်ဝါဆိုတာတောင် မသိအောင် လမ်းမပေါ်မှာ လူသေအလောင်းတွေ ပျံ့ကြဲနေကြတယ်။ သက်ကြီးရွယ်အိုတွေ၊ မွေးကင်းစ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေလည်းထက်ဝက်ကျော်လောက်ပါတယ်” ဟုဆိုသည်။

လက်ရှိတိုက်ပွဲအခြေအနေများကြောင့် ထိခိုက်သေဆုံးသူများ၏ အသေးစိတ်အချက်အလက်များကို အတည်ပြုနိုင်ရန် ခက်ခဲနေကြောင်း သူကဆက်ပြောသည်။

ယနေ့ မွန်းတည့် ၁၂ နာရီခန့်ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ထီးချိုင့်မြို့အနီးတစ်ဝိုက်ရှိ နေရာငါးခုခန့်ကို လေကြောင်းမှလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကိုးတဲကျေးရွာမှ ပြည်သူ ရှစ်ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သူကဆိုသည်။

“ဒီနေ့မနက်ကတော့ ကိုးတဲမှာ ပြည်သူ ရှစ်ဦးသေတယ်လို့ သိထားရပါတယ်၊ တခြားနေရာဟာတွေတော့ ဆက်သွယ်ဖို့က အခက်ခဲရှိလို့ သေဆုံးမှု ထိခိုက်ဒဏ်ရာရမှုကို လောလောဆယ် မသိနိုင်သေးဘူး” ဟုပြောသည်။

မြို့တွင်းတိုက်ပွဲများမှာ ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ငြိမ်သက်နေပြီး မြသိန်းတန်တောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တောင်အောက်ရှိ ဒေသခံပြည်သူများ၏ နေအိမ်များကို လောင်စာဗုံးများအသုံးပြုကာ လာရောက်မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သူတို့က ဧရာဝတီတံတားထိပ်နဲ့ မြန်သိန်းတန်တောင်ပေါ်တွေမှာ ဘန်ကာတွေ အခိုင်အမာ တည်ဆောက်ထားတာ။ ကိုယ့်ဘက်က အနောက်ဆုတ်ပေးထားတဲ့အနေထားမှာ သူတို့ကမီးလိုက်ရှို့တာပဲ။ အခုလည်းမီးရှို့နေတာမြို့ထဲမှာ မီးခိုးတွေမြင်နေရတယ်” ဟုဆိုသည်။

ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လောင်စာဗုံးများ၊ ပေါက်ကွဲအားပြင်းသော ရုရှားလုပ် ပေါင် ၅၀၀ အလေးချိန်ရှိဗုံးများကို YAK-130 အမျိုးအစားတိုက်လေယာဉ်နှင့် Mil Mi-24 များအသုံးပြုကာ အကြိမ် ၄၀ ခန့်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မပေါက်ကွဲသေးသော ဗုံးများလည်း တွေ့ရှိကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။

ထီးချိုင့်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ ရက်နေ့မှ စတင်ကာ ရက္ခိုင့်တပ်တော် (AA)နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့ ဦးဆောင်ကာ ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း – Dureng၊ Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ