ဖလမ်းမြို့နယ်မှစခန်းသိမ်းပိုက်ခံရချိန် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယနေ့ မွန်းလွှဲ ၁ နာရီခန့်တွင် အိန္ဒိယစစ်တပ်က မြန်မာနယ်စပ်မြို့သို့ ပြန်လည်ပို့ဆောင်လိုက်ကြောင်း သိရသည်။

ရိခေါဒါရ်မြို့မှ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ချင်းအမျိုးသားတပ်မတော် (CNA) က တိုက်ခိုက်သိမ်းပိုက်ချိန် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးထက်မနည်းကို တမူးနယ်စပ်ရှိ မိုရေး (Moreh) မြို့သို့ စစ်ရဟတ်ယာဉ်ဖြင့်ပို့ဆောင်ခဲ့သည်ဟု Hualangoram People’s Organization (HPO) အထွေထွေအတွင်းရေးမှူး ကိုဂျွန်ရိုဗာက The 74 Media ကိုပြောသည်။

“သူတို့ဖမ်းဖမ်းချင်း နာရီသုံးချက်လောက်မှာ နာလန်ဆိုတဲ့နေရာကို သူတို့ပို့တယ်။ နာလန်ကနေ စစ်ရဟတ်ယာဉ်နဲ့ မိုရေးကိုပို့တာပေါ့။ မိုရေးနဲ့ တမူးကကျတော့ နယ်နိမိတ်ထိစပ်တယ်ပေါ့နော်။ အဲဒီနောက်ပိုင်းတော့ သူတို့လွှဲပြီးမပြီးတော့ မသိရဘူးပေါ့” ဟုဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းထံ The 74 Media က ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါ။

ယမန်နေ့က စခန်းသိမ်းတိုက်ပွဲဖြစ်ပွားချိန် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိသကဲ့သို့ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်ခုနှစ်ဦးကလည်း ချင်းအမျိုးသားတပ်မတော် (CNA) ထံ လက်နက်ချ အညံ့ခံခဲ့သည်။

စစ်ကောင်စီစခန်း သိမ်းဆည်းရရှိခဲ့သည့် ရိခေါဒါရ်မြို့ အမှတ် (၁) နှင့် (၂) ရပ်ကွက် ဆက်သွယ်ထားသည့် လမ်းကြောင်းများအားလုံးကို အချိန်အတိုင်းအတာတစ်ခုအထိ လုံခြုံရေးအခြေအနေအရ ပိတ်ထားမည်ဖြစ်ကြောင်း CDF – Hualangoram က ယနေ့နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

အဆိုပါရပ်ကွက်နှစ်ခုမှာ တစ်မိုင်ခန့်ကွာဝေးပြီး လက်ရှိအချိန်တွင် နယ်မြေလုံခြုံရေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန် ရိခေါဒါရ် တစ်မြို့လုံးနီးပါးကို CNA နှင့် CDF ပူးပေါင်းတပ်တို့က ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးမှ မရှိတော့ကြောင်း သိရသည်။

အိန္ဒိယ – မြန်မာနယ်စပ် ရိခေါဒါရ်မြို့ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ယမန်နေ့က ညနေ ၅ နာရီခန့်က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးထက်မနည်းသေဆုံးခဲ့ကာ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်ခုနှစ်ဦး လက်နက်ချအညံ့ခံခဲ့သည်။

သတင်း – Thu Ta

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ