မြစ်ကြီးနားမြို့တွင် မိုဘိုင်းလ်နှင့်ဖိုင်ဘာအင်တာနက်လိုင်းများ ပြတ်တောက်နေသည်မှာ ခြောက်ရက်ခန့်ရှိလာပြီဖြစ်သော်လည်း မည်သည့်အချိန်တွင် ပြန်လည်ရရှိမည်ကို မသိရသေးကြောင်း သိရသည်။

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင် အင်တာနက်ဖိုင်ဘာကြိုးများပြတ်နေကာ ပြန်လည်ပြုပြင်ရန်လည်း အခက်အခဲများရှိနေသဖြင့် အင်တာနက်လိုင်းများမရရှိခြင်းဖြစ်သည်ဟု ကချင်ပြည်နယ်အခြေစိုက် မနောင်လင့်(Manau Link) ဝိုင်ဖိုင်ရုံးမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

“အင်တာနက်ကြိုးတွေပြတ်တောက်သွားတာဟုတ်တယ်။ ဘယ်အချိန်ပြန်လာမယ်ဆိုတာကို ပြောလို့မရသေးဘူး။ ပျက်နေတာကိုပြုပြင်လို့မရသေးဘူး။ ပျက်နေတဲ့နေရာက ကချင်ပြည်နယ်နဲ့ စစ်ကိုင်းအစပ်မှာလို့ပြောတယ်” ဟုပြောသည်။

ဆာဗာဒေါင်းနေသောကြောင့် ဝိုင်ဖိုင်လိုင်းများပြတ်တောက်နေခြင်းဖြစ်ပြီး အမြန်ဆုံးပြုပြင်ရန် ပြောထားသည်ဟု မိုင်တဲလ်ဝိုင်ဖိုင်ရုံးမှတာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ဖြစ်တာအနည်းငယ်တော့ကြာပါပြီ အမြန်ဆုံးပြုပြင်ပေးဖို့တော့ ပြောထားပါတယ်။ ဘယ်အချိန်ပြန်ကောင်းမယ်ဆိုတာကိုတော့ အတိအကျပြောလို့မရဘူး။ ဘယ်နေရာမှာ ပျက်နေတယ်ဆိုတာလည်း ပြောပြလို့မရလို့ပါ” ဟုပြောသည်။

စစ်ကောင်စီ၏ Mytel ဆင်းမ်ကတ်မှာ အင်တာနက်ဒေတာ အသုံးပြုရန်မရတော့သည့်အပြင် ဖုန်းလည်းခေါ်မရတော့ကြောင်း မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောသည်။

“Mytel ကတ်ကလုံးဝသုံးလို့မရတော့ဘူး။ ဝိုင်ဖိုင်လည်းမရ၊ လိုင်းလည်းမရ၊ ဖုန်းဆက်လည်း မရတော့ဘူး။ အောရီဒူး (ORREDOO)နှင့် အမ်ပီတီ (MPT) ကဖုန်းဆက်လို့တော့ရသေးတယ်။ ဒါပေမဲ့အဲ့ဒါလည်းအချင်းချင်းပဲဖုန်းပြောလို့အဆင်ပြေတယ်” ဟုပြောသည်။

နိုဝင်ဘာလ ၉ ရက်နေ့မှစတင်ကာ အင်တာနက်လိုင်းများကျနေခြင်းဖြစ်ပြီး လက်ရှိမြစ်ကြီးနားမြို့တွင် အက်တမ် (ATOM) ဖုန်းဒေသာအင်တာနက်လိုင်းသာ အသုံးပြုနိုင်ကြောင်း ဒေသခံများထံကသိရသည်။

လိုင်းမကောင်းသောကြောင့် ဘေလ်ပိုကုန်ပြီး ဆင်းမ်ကတ်များဝယ်ယူရန်ပင် ခက်ခဲနေကြောင်း မြစ်ကြီးနားမြို့တွင်ဖုန်းဆိုင်ဖွင့်ထားသည့်အမျိုးသားတစ်ဦးက ပြောသည်။

“လိုင်းမကောင်းလို့ ပိုက်ဆံလည်းပိုကုန်တယ် တစ်ညတစ်ညကို လေးထောင်ကျပ်လောက်ကုန်တယ်။ ကျွန်တော်တို့ ဖုန်းဆိုင်တွေတောင်ဝယ်လို့မရဖြစ်လာတယ် ဈေးလည်းပိုတက်သွားတယ်။ ငွေလွှဲရင်လည်း အချိန်အရမ်းကြာတယ် လွှဲလို့မရတဲ့အခြေအနေတော့ မဟုတ်ဘူး” ဟုပြောသည။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း ယခုကဲ့သို့ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့်နေရာများရှိပြီး ကချင်ပြည်နယ် ဖားကန့်မြို့နယ်ကိုလည်း ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့မှစတင်ကာ တစ်နှစ်ကျော်ကြာ အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့သည်။

သတင်း – Doi Awng

သင့်ထင်မြင်ချက်ရေးပေးပါ